နေပြည်တော်၊ အောက်တိုဘာ ၃၀

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး H.E. Mr. Wang Xiaohong ဦးဆောင်၍ ဒုတိယဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့် အရာရှိကြီးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် နေပြည်တော်သို့ ရောက်ရှိကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ညနေ ၄ နာရီတွင် နေပြည်တော် Horizon Lake View ဟိုတယ်ရှိ Presidential Suite ၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြသည်။

 

ထို့နောက် (၇) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ညနေ ၅ နာရီတွင် နေပြည်တော်၊ Horizon Lake View ဟိုတယ်ရှိ State Meeting Room ၌ ကျင်းပပြုလုပ်သည်။

 

 အစည်းအဝေးသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်၍ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး Mr.Wang Xiaohong ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (Lianyungang) နှင့် တရုတ်-အာဆီယံ ရဲတပ်ဖွဲ့ဖိုရမ်ကဲ့သို့သော အစည်းအဝေးများတက်ရောက်နိုင်ရေး လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ၅ နှစ်လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၇) ကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ လူမှောင်ခိုမှု၊ ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရေး၊ လန်ချန်း - မဲခေါင်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စီမံကိန်းကြီးများလုံခြုံရေး၊ တရုတ်နိုင်ငံသား တရားခံပြေးများ ဖမ်းဆီးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးရေး၊ နယ်မြေချင်း ထိစပ်နေသော တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်သွယ်ဆက်ဆံရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင်ဖြစ်ပွားသော ရာဇဝတ်မှုများနှင့်စပ်လျဉ်း၍ သုတေသန လုပ်ငန်းများ ပူးတွဲဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ သတင်းအချက်အလက် ဖလှယ်ရေး၊ အမှုဖြစ်စဉ် စုံစမ်းစစ်ဆေးရေးတို့နှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ၏ စွမ်းရည်မြှင့်တင်နိုင်ရန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် လေ့ကျင့်ရေးအစီအစဉ်များ ပူးတွဲရေးဆွဲရေး၊ အနာဂတ်တွင် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန် သက်ဆိုင်ရာ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ဖက်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာန နှစ်ရပ်အကြား အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်ဖလှယ်၍ နိုင်ငံဖြတ်ကျော်မှုခင်းများအား တားဆီးနှိမ်နှင်းနိုင်ရန် ဆက်သွယ်ဆက်ဆံရေးစနစ်တစ်ရပ် ထားရှိရေးတို့ကို ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

mdn

 

ဝန်ကြီးအဆင့် အစည်းအဝေးအပြီးတွင် ညှိနှိုင်းဆွေးနွေးခဲ့သည့် အချက်များကို ထိရောက်အကျိုးရှိစွာ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေး မှတ်တမ်းအား နှစ်နိုင်ငံ ဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

ညပိုင်းတွင် မြန်မာ-တရုတ် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတ္တမအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေး ဂုဏ်ပြုညစာစားပွဲနှင့် ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်