ရန်ကုန် ဖေဖော်ဝါရီ ၂၀
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာ၀တီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ တိုင်းပညာရေးမှူး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ပုသိမ်မြို့ပေါ်ရှိ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု၀န်ကြီးက အတန်းတင်စာမေးပွဲများ ကျင်းပလျက်ရှိပြီး မကြာမီ တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပတော့မည်ဖြစ်ရာ စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ အမှားအယွင်းမရှိအောင် အထူးဂရုပြု၍ အလေးထားကြပ်မတ် ဆောင်ရွက်ကြစေလိုကြောင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများအနေဖြင့် စာမေးပွဲကာလအတွင်း ထူးခြားဖြစ်စဉ်များ ဖြစ်ပွားပါက သက်ဆိုင်ရာသို့ အဆင့်ဆင့် ချက်ချင်းတင်ပြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့် တာ၀န်ရှိသူများသည် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းများတွင် ကျောင်းသား ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး ဆရာ ဆရာမများဖြစ်လာပါက စေတနာကို အရင်းခံပြီး မိမိတို့၏ တပည့်များအပေါ်တွင် အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးနိုင်သော မြင့်မြတ်သည့် ဆရာများဖြစ်ရန် ကြိုးစားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးနှင့် တာဝန်ရှိသူများသည် ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံကာ တက္ကသိုလ်များတွင် စာမေးပွဲဖြေဆိုရာ၌ မေးခွန်းများ အမှားအယွင်းမရှိအောင် အထူးဂရုပြု၍ အလေးထားကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေစဉ် အတွင်း စာစစ်ဌာနများသို့ လှည့်လည်စစ်ဆေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်