ရန်ကုန် ၁၉ မေ
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်လူ ထုဗဟိုပြုစီမံကိန်း၏ ကျေးရွာပေါင်း (၁၃၄) ရွာရှိသည့်အနက် ကျေးရွာ (၈)ရွာတွင် လက်ရှိ ဖော်ဆောင်နေသော စီမံကိန်းစက်ဝန်းများကို ပြည်ထောင်စုအဆင့် လူထုဗဟိုပြုစီမံကိန်းရုံးမှ ဦးဆောင်သော လူထုဗဟိုပြု စီမံကိန်းဖော်ဆောင်ရေးဝန်ထမ်း (၄၈)ဦးအဖွဲ့မှ မေ ၁၆ ရက်နှင့် ၁၇ ရက်အထိ နှစ်ရက်ကြာ လာရောက်လေ့လာကာ ကျေးရွာနေလူထုအတွက် ကောင်းမွန်သော ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကို ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"အဓိကလာရောက်လေ့လာဖြစ်တာက တစ်နေရာနဲ့တစ်နေရာက မြေမျက်နှာသွင်ပြင် အနေအထားမတူညီတာတွေ ရှိတယ်။ ဒီအပေါ်မှာ လူထုဗဟိုပြု စီမံကိန်းတွေ ဖော်ဆောင်ရတာလည်း မတူညီကြဘူးလေ။ စီမံကိန်းလုပ်ငန်းတွေမှာ လုပ်ငန်းရဲ့အားသာချက် အားနည်းချက်တွေ ရှိတယ်မို့ ဒါကိုလေ့လာတဲ့ အဖွဲ့တွေအနေနဲ့လည်း သိရှိပြီး ကျေးလက်နေလူထုကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့က ဒီလိုလေ့လာမှုတွေကနေ အတွေ့အကြုံ ကောင်းတွေ ရရှိမှသာ ပိုကောင်းမယ်လို့မြင်ပါတယ်" ကော့မှူးမြို့နယ် လူထုဗဟိုပြု စီမံကိန်းတာဝန်ခံ ဦးကျော်ညီညီထွန်းက ပြောသည်။
အဆိုပါ နှစ်ရက်ကြာလေ့လာမှုတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်၊ ပြည်ထောင်စုအဆင့် လူထုဗဟိုပြုစီမံကိန်းရုံးမှ ဦးဝေယံထွန်း၊ မန္တလေးတိုင်းဒေကြီး သတင်းပြန်ကြား ဆက်သွယ်ရေး တာဝန်ခံ ဒေါ်ရတနာချစ်၊ ရမည်းသင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (CSAG) တာဝန်ခံ ဦးရဲအောင် မြို့နယ်လူထုဗဟိုပြု စီမံကိန်းအကြံပေးအဖွဲ့မှ (CSAG) တာဝန်ခံ ဒေါ်ခင်ဖြူဝင်းတို့နှင့်အတူ ရမည်းသင်းမြို့နယ်မှ လူထုစည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူး (၄၈)ဦး တို့ပါဝင်ကာ ကော့မှူးမြို့နယ်အတွင်းရှိ ထမ္မနိုင်၊ တာတိုက်၊ ခရိုက္ခနိ၊ စက်စု၊ နတ်စင်ကုန်း၊ တကူပုံ၊ မြို့ကုန်း၊ ပုပ္ပါးကျေးရွာများမှ ယနေ့အချိန်ထိ စီမံကိန်းစက်ဝန်း (၄)နှစ်အတွင်း ဆောင်ရွက်ခဲ့ပြီး ကျေးရွာများ၏ စီမံကိန်းလုပ်ငန်းများကို ကွင်းဆင်းလေ့လာကြကြောင်း သိရှိရသည်။
ယခုအခါတွင် ကော့မှူးမြို့နယ် အနေဖြင့် ကျေးရွာပေါင်း ၁၃၄ ရွာတွင် စက်ဝန်းအလိုက် လူထုဗဟိုပြုသော ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် လေးနှစ်ကြာ စတုတ္ထနှစ် စက်ဝန်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ယင်းတွင် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ခြင်း၊ ချောင်းကူးတံတားများ တည်ဆောက်ခြင်း၊ ကျေးရွာအတွင်း မီးလင်းရေးလုပ်ငန်း၊ ရေပေးဝေရေး၊ ဘက်စုံသုံးခန်းမများ တည်ဆောက်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်းတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကော့မှူးမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ကော့မှူးမြို့နယ်သည် လူထုဗဟိုပြု စီမံကိန်းများ ဖော်ဆောင်လာမှုနှင့်အညီ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာခြင်း၊ စီမံကိန်းတစ်ခု လုပ်ငန်းတစ်ခု ဖော်ဆောင်သည့်အခါတွင် လွယ်ကူစွာ ချိတ်ဆက်လုပ်ကိုင်တတ်လာခြင်း၊ လုပ်ကိုင်မည့်စီမံကိန်းများတွင် ကော်မတီများဖွဲ့စည်းကာ ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ ကျား/မ တန်းတူအခွင့်အရေး ရရှိရန်တွင် အမျိုးသမီးများ၏ လုပ်ငန်းဆောင်ရွက်မှုများ မြင့်တက်လာခြင်းနှင့် ကျေးရွာအတွင်း အခြေခံအဆောက်အအုံများ တိုးတက်ပြောင်းလဲလာခြင်းတို့သည် ယခုလေးနှစ်ကြာကာလအတွင်း ပြောင်းလဲလာကြောင်း ကော့မှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သတင်း/မျိုးမင်းသိန်း(မရမ်းကုန်း)