နေပြည်တော်၊ မတ် ၃
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဆိုင်ရာသုံးသပ်ခြင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ဆပ်ကော်မတီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အေဂျင်စီ ဥက္ကဋ္ဌများက Virtual စနစ်ဖြင့် သတ်မှတ်နေရာများမှ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ နေပြည်တော်၌ အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပရေးနှင့် သက်ဆိုင်သည့် အတည်ပြု ဆုံးဖြတ်ရမည့် အချက်များကို MSME လုပ်ငန်းကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုကို အချိန်နှင့် တစ်ပြေးညီခံယူပြီး အတူတကွပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အောင်မြင်သည့် ပွဲတစ်ပွဲဖြစ်ခဲ့ကြောင်း။
ဒေသထုတ်ကုန်များမှ Export ထုတ်ကုန်များအဖြစ် အဆင့်မြှင့်ထုတ်လုပ်နိုင်ရေး နည်းပညာများ၊ ထုပ်ပိုးမှုပုံစံများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ဝန်ကြီးဌာနများ၏ ပံ့ပိုးဆောင်ရွက်ပေးနေမှု အခြေအနေများကို MSME လုပ်ငန်းရှင်များကို အသိပညာများ ဖြန့်ဝေပေးနိုင်ခဲ့သည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ဒေသထွက် ရိုးရာ အစားအစာများကိုလည်း တိုင်းရင်းသားပြည်သူလူထုသို့ ထုတ်လုပ်ရောင်းချနိုင်ခဲ့ကြောင်း၊ MSME လုပ်ငန်း စတင်ဆောင်ရွက်လိုသူများနှင့် လုပ်ငန်းလုပ်ကိုင်နေသူများအတွက် အခွင့်အရေး၊ အသိပညာ၊ နည်းပညာ၊ စီးပွားရေးဗဟုသုတများတိုးတက်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ နောင်ကျင်းပမည့် MSME ပြပွဲနှင့်ပြိုင်ပွဲများကို ယခုထက်ပိုမို အဆင့်အတန်းမီစွာ ဆောင်ရွက်နိုင်ရေးအတွက် အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ခြင်းဖြစ်ကြောင်း၊ ဆပ်ကော်မတီအသီးသီး၏ တွေ့ကြုံခဲ့သည့် အားနည်းချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် အားသာချက်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြပွဲနှင့်ပြိုင်ပွဲ ထပ်မံကျင်းပသည့်အခါ ဒေသဆိုင်ရာ အေဂျင်စီများအနေဖြင့် လုပ်ငန်းအသစ်များ ပေါ်ထွက်လာစေရေး၊ ထုတ်ကုန်အသစ်၊ ပြည်ပပို့ကုန် အသစ်များ၊ သွင်းကုန်အစားထိုးလုပ်ငန်းများ ပိုမိုတိုးတက်ပေါ်ထွက်လာစေရေး ပံ့ပိုးကူညီအားပေး ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးက ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့မှု အခြေအနေတို့ကိုလည်းကောင်း၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး /ပြည်နယ် MSME အေဂျင်စီဥက္ကဋ္ဌများက ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပပြုလုပ်ရန် စီမံဆောင်ရွက်ခဲ့မှု၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့စဉ် အားနည်ချက်၊ အားသာချက်နှင့် အကြံပြုသုံးသပ်ချက်များကိုလည်းကောင်း ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်