နေပြည်တော်၊ ဧပြီ ၁
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်း စစ်ချုပ်နှင့် ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဤရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်စာရင်းချုပ်ရုံး၊ ခရိုင်/ မြို့နယ် ဒေသစာရင်းစစ်ရုံးတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် မြန်မာနိုင်ငံစာရင်း ကောင်စီရုံးမှ ဝန်ထမ်းများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် နိုင်ငံ၏ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ် တိုးတက် ကောင်းမွန်စေရေးကို ဦးတည်လျက် ခေတ်အဆက်ဆက် ပြဋ္ဌာန်းခဲ့သည့် ဥပဒေများနှင့်အညီ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လာခဲ့သည်မှာ ယနေ့ ဧပြီ (၁) ရက် တွင် (၈၇) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့ရုံးအနေဖြင့် အဓိက လုပ်ငန်းတာဝန်ဖြစ်သည့် စစ်ဆေးရေးလုပ်ငန်းများကို ခေတ်စနစ်နှင့် ကိုက်ညီသည့် စစ်ဆေးရေးစံ၊ စစ်ဆေးရေး နည်းလမ်းများဖြင့် ပြောင်းလဲကျင့်သုံး စစ်ဆေးလျက်ရှိပြီး အထက် အဖွဲ့အစည်းများ၏ တာဝန်ပေးမှုနှင့် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ မေတ္တာရပ်ခံမှုအရ စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင်ကဏ္ဍတွင် စာရင်းပညာဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပုံမှန်ဖွင့်လှစ်လျက်ရှိသည့်သင်တန်းများအပြင် ဘွဲ့လွန်ဒီပလိုမာ အဆင့် နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ - IFRS သင်တန်း၊ နိုင်ငံပိုင် ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ-IPSAS သင်တန်း၊ ဌာနတွင်းစစ်ဆေးခြင်း သင်တန်းများစသည့် သင်တန်းအမျိုးအစားအသစ်များ တိုးချဲ့ဖွင့်လှစ်ပေးလျက် ရှိပါကြောင်း၊ သို့ပါ၍ ရုံးအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး မိမိတို့ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ အဖွဲ့အစည်းမှ ချမှတ်ထားသည့် ကျင့်ဝတ် စံတန်ဖိုးများကို လိုက်နာပြီး နိုင်ငံ့အကျိုးသယ်ပိုး ဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်း ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မှတ်တမ်းလွှာ Video Clip ဖွင့်လှစ်ပြသခြင်း၊ အထိမ်းအမှတ်သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းများ ဆောင်ရွက်ကြပြီး ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများက နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေဖြင့် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြပွဲနှင့် ပိုစတာပြပွဲကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ဆုများချီးမြှင့်ရွေးချယ်မှု Video Clip ကိုဖွင့်လှစ်ပြသပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့မှ ဆုအမျိုးအစားအလိုက်ဆုရရှိသူ (၁၈၇) ဉီးကို ဆုနှင့်ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကြကာ ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကား ပြောကြား၍ ဝန်ထမ်းများ၊ ဆုရရှိသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး မေတ္တာဉယျာဉ်နေ့ ကလေးထိန်းကျောင်း ရင်သွေးငယ်လေးများက ဖျော်ဖြေခြင်း၊ ကံစမ်းမဲဖောက်ခြင်း၊ စတုဒိသာ ကျွေးမွေးခြင်းနှင့် တေးသီချင်းဖျော်ဖြေရေးအစီအစဉ်များကို ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်