mdn

သတင်းဆောင်းပါး - ကောင်းဈာန်သိမ်း

တိုင်းရင်းသားများအပေါ် သဘောထားအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင်ကာကွယ်ရေးဝန်ကြီးအဖြစ်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့သွားရောက်ပြီး ကချင်ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းသည် မွန်မြတ်လှသည့် အခွင့်အရေးကို ရရှိလိုက်ခြင်းပင် ဖြစ်သည်။ 

အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်ကို လွတ်လပ်သည့် တိုင်းပြည်ဖြစ်အောင် ကြိုးစား နေကြောင်း၊ လွတ်လပ်ရေးရဖို့ဆိုသည်မှာလည်း အနှေးနှင့်အမြန် သေချာနေကြောင်း၊ ကချင်အမျိုးသားများ သည်လည်း မြန်မာများနှင့် သွေးရင်းသားရင်းဖြစ်သည့်အတွက် ဆိုးတူကောင်းဖက် ပူးပေါင်းဆောင်ရွက်သွားကြ စေလိုကြောင်း၊ သို့မှသာလျှင် ခေတ်ကြီးပြောင်းလဲနေသည်နှင့်အမျှ ကချင်အမျိုးသားများလည်း တိုးတက်နိုင် ကြောင်း၊ ကချင်များအား ဗြိတိသျှအစိုးရက ခွဲခြားထားခဲ့သဖြင့် နှစ်ပေါင်း ၆၀ ကျော်ခဲ့စေကာမူ ကချင်များ၌ တိုးတက်မှုကင်းမဲ့ခဲ့ရကြောင်း၊ မြန်မာပြည်နှင့်ပူးပေါင်းလိုက်လျှင် မြန်မာများနှင့်အတူ ရင်ပေါင်တန်းလိုက်နိုင် မည်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောပြရာ ကချင်ခေါင်းဆောင်များက အထူးနှစ်သက်သဘောကျခဲ့သည်။

တိုင်းရင်းသားများ ညီညွတ်ရေး

ဗိုလ်ချုပ်အောင်ဆန်းနှင့်ကချင်ခေါင်းဆောင်များ ဆွေးနွေးလိုက်ရခြင်းသည် မြန်မာပြည်အတွက် အထူး အဖိုး ထိုက်တန်လှသည်။ ထိုအချိန်မှစ၍ ဗိုလ်ချုပ်အပေါ် ကချင်ခေါင်းဆောင်များ ယုံကြည်မှုပန္နက် စိုက်ထူနိုင်ခဲ့သည်။ ဗိုလ်ချုပ် မပြန်မီတစ်ရက် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက် နံနက်တွင် မြစ်ကြီးနားမြို့နှင့် ငါးမိုင်ဝေးသော မန်ခန်ရွာ စာသင်ကျောင်းဝင်းအတွင်း မဏ္ဍပ်ကြီး၌ အထူး ယုံကြည်အားထားသော မိတ်ဆွေစစ်ဖြစ်ကြောင်း အထိမ်းအမှတ်အဖြစ် ကချင်အမျိုးသမီးများက ထမင်းပွဲနှင့် ဧည့်ခံကျွေးမွေးကြသည်။ ထမင်းစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက ကချင်-ဗမာ သွေးစည်းရေးနှင့်တကွတိုင်းရင်းသားများညီညွတ်ရေး အရေးကြီးပုံနှင့် တိုင်းရင်းသား များအပေါ်ထားရှိသော ဗိုလ်ချုပ်အောင်ဆန်း၏ စေတနာ ကို ပွင့်ပွင့်လင်းလင်းဖြင့် အရှိအမှန် အတိုင်း မိန့်ကြားခဲ့သည်။ 

တိုင်းရင်းသားများ တန်းတူအဆင့်အတန်းရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ ဗမာပြည်နှင့် စုပေါင်း ညီညွတ်စွာရှိရေး၊ တောင်တန်းနယ်ဆိုင်ရာ တိုင်းရင်းသားတို့ ကြီးပွားတိုးတက်ရေး၊ ရှမ်း၊ ချင်း၊ ကချင် တောင်တန်းများကို ဘုရင်ခံတာဝန်မယူဘဲ တောင်တန်းဆိုင်ရာ တိုင်းရင်းသားများ တာဝန်ယူဆောင်ရွက်ရေး တို့ကိုအင်္ဂလိပ်အစိုးရထံ တောင်းဆိုထားကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ဂျင်းဖော စသည့် တိုင်းရင်းသား များအပေါ် စေတနာကောင်း၊ ချစ်ခင်ရင်းနှီးသည့် စိတ်ထား ရှိကြောင်း သက်သေများ ပင်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။

စည်းလုံးညီညွတ်မှုအထူးလိုလား

ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းရင်းသားလူမျိုးများအပေါ် ထားရှိသည့်သဘောထားသည် ညီရင်းအစ်ကိုမောင်ရင်း နှမကဲ့သို့ အတူတကွလွတ်လပ်ခြင်း၊ အတူတကွဖွံ့ဖြိုးခြင်းကို အမှန်တကယ်လိုလားသည်ဖြစ်၍ အရေးကြီး သောအချက်ကို အသိပေးပြောကြားခဲ့သည်။ “အထူး သတိပြုစေလိုတဲ့အချက်တစ်ခုမှာ ယခုအခါ ကမ္ဘာပေါ်တွင် အရေးပါအရာရောက်နေတဲ့ နိုင်ငံကြီးများပင်လျှင် တစ်ဦး တည်း အပေါင်းအသင်းမရှိဘဲ မနေနိုင်၊ မတည်တံ့နိုင်။ နီးစပ်ရာ နိုင်ငံများနှင့်ပူးပေါင်းရေးအတွက် ဆောင်ရွက်ကြိုးစားနေရတယ်။ ဗမာပြည်လည်း နီးစပ်ရာ ပူးပေါင်း ဆောင်ရွက်ရပါမယ်။ အားရှိအောင် ဖန်တီးရမယ်။ ဗမာ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရန်လည်း အထူးအရေးကြီးပါတယ်။ ဂျင်းဖောက တခြား၊ ချင်းက တစ်ဖုံ၊ ရှမ်းက တစ်မျိုးဆိုသလို အကွဲကွဲအပြားပြား ဖြစ်နေလျှင် ဘယ်သူမှ အားရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်တစ်သီးတခြားနေလျှင် ဘေးအ္တရာယ်နှင့် မကင်း သည်ကို သတိပြုကြပြီးလျှင် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို အထူးလိုလားကြစေလိုပါတယ်” ဟု ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် တိုင်းရင်းသားလူမျိုးများအားလုံး သတိပြုရမည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက အထူးအရေးကြီးသလို အနာဂတ်ကာလ ယနေ့ ထက်တိုင် အရေးကြီးသည်မှာ အထင်အရှားဖြစ်သည်။ ထိုစဉ်က တိုင်းရင်းသားဒေသများအားလုံး လွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တစည်းတလုံးတည်း ပါဝင်ရေးကို တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် သက်သေပြနိုင်ခဲ့သည်။

 

mdn

ပြည်ထောင်စု၏အင်္ဂါရပ်များ

မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများအား ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနှင့်အညီ သတ်မှတ်ရာ တွင်(၁) ပထဝီအနေအထားအရ နယ်နိမိတ်အထင်အရှား ရှိခြင်း၊ (၂) မြန်မာစကားနှင့် မတူသော ဘာသာစကား တစ်မျိုးတည်းရှိခြင်း၊ (၃) ယဉ်ကျေးမှုတစ်မျိုးတည်းရှိခြင်း၊ (၄) ရာဇဝင်အစဉ်အလာ တစ်မျိုးတည်းရှိသော လူမျိုးစုရှိခြင်း၊ (၅) စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေး လုံလောက်မှုတို့ရှိသော လူစုရှိခြင်း၊ (၆) လူဦးရေ အတော်အတန်ရှိခြင်း၊ (၇) သီးခြားပြည်ထောင်စု အဖွဲ့ဝင်တစ်ခုအဖြစ်ဖြင့် မိမိ၏ကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေလိုသောဆန္ဒရှိခြင်းတို့ဖြစ်လေသည်။ ထိုသို့သော ပြည်ထောင်စု၏ အင်္ဂါလက္ခဏာ များနှင့် ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် ဂုဏ်ယူဝင့်ကြွားဖွယ် ရပ်တည်နိုင်အောင်ကြိုးပမ်းအား ထုတ်ခဲ့သည်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်ခေါင်းဆောင်များ၏ တိုင်းရင်းသားများအပေါ်ထားရှိသည့်မွန်မြတ်သော စေတနာ ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)