လောက်ကိုင် ၁၃ ဩဂုတ်
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံ ငွေကျပ်သိန်း(၁၀၀၀)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ အချိန်မီ ပြီးစီးနိုင်ရေး၊ လုပ်ငန်းအရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြရန်နှင့် ရပ်ကွက်/ကျေးရွာများရှိ ဆောင်ရွက်ပြီးလုပ်ငန်းများဖြစ်သည့် ကွန်ကရစ်ခင်းခြင်း၊ အုတ်ရေကန်တည်ဆောက်ခြင်း၊ ယင်လုံအိမ်သာ တည်ဆောက်ခြင်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများအား projector (ပရိုဂျက်တာ)ဖြင့် ပြသ၍ ရှင်းလင်း ဆွေးနွေးကာ ကျန်ရှိသည့်ကျေးရွာများအနေဖြင့် လုပ်ငန်းများအား အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်နှင့် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်တို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုနှင့် ပက်သတ်၍ ဖြည့်စွက်ဆွေးနွေးပြောကြားကာ တက်ရောက်လာသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများက မိမိတို့၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ယင်းအစည်းအဝေးသို့ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများ ၊ ရပ်ကွက်/ကျေးရွာ စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်အောင် (ပြန်/ဆက်)