နေပြည်တော် ၁၈ ဩဂုတ်
၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၉၊ ၂၀ နှင့် ၂၁ ရက်တို့တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ တက်ရောက်ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များသည် နေပြည်တော်၌ စုံညီစွာရောက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော်(DKBA)မှ စောမိုရှေး၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA)(PC) ဥက္ကဋ္ဌ စောထော့လေးနှင့် ဒုတိယဥက္ကဋ္ဌ စောရင်နု၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲနှင့် အထွေထွေအတွင်းရေးမှူး ဦးဆန်နီ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံးနှင့် ဒုတိယဥက္ကဋ္ဌ ပူးထန်နိန်းကီး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန် ခွန်ဥက္ကာနှင့် နာယက ဖြားတန် ခွန်တိဆောင်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်နှင့် ဒုတိယခေါင်းဆောင် စောမြရာဇာလင်း၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ စဝ်ယွက်စစ်နှင့် RCSS ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေး၊ မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဋ္ဌ နိုင်ဟံသာနှင့် ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာခွန်ဆာနှင့် NCA-S EAO အစုအဖွဲ့မှ ညီလာခံ ကိုယ်စားလှယ်များသည် နေပြည်တော်သို့ ဩဂုတ် ၁၀ ရက်မှ စတင်ရောက်ရှိကြပြီး ခေတ္တတည်းခိုမည့် သတ်မှတ်နေရာအသီးသီး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်လျက်ရှိကြကြောင်း သိရသည်။
အလားတူ နိုင်ငံရေးပါတီ (၂၁)ပါတီမှ နာယက၊ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများသည်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ တက်ရောက်ရန် သတ်မှတ်နေရာအသီးသီးတွင် စုံညီစွာရောက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်