နေပြည်တော်  ၂၁   ဩဂုတ်

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးညီလာခံ တတိယနေ့ကို  ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)ကို ချုပ်ဆိုနိုင်ခဲ့သည်။

 

အစည်းအဝေးအပြီးတွင် အစိုးရအစုအဖွဲ့မှ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးဇော်ဌေး၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့မှ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် နိုင်အောင်မငေးတို့က ညီလာခံနှင့်သက်ဆိုင်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

 

ယနေ့ကျင်းပသည့် ညီလာခံနှင့်စပ်လျဉ်း၍ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် နိုင်အောင်မငေးက “ဒီနေ့ ညီလာခံ တတိယနေ့မှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို အောင်မြင်စွာ ချုပ်ဆို နိုင်ခဲ့တယ်။ အပိုင်းတစ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (National Ceasefire Agreement-NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် မှာ (၁၅) ချက်ရှိတယ်။ အပိုင်းနှစ်မှာ ဆိုရင် ၂၀၂ဝ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများမှာ ဇယား(၁)ကို ရရှိတယ်။ အပိုင်းသုံးမှာဆိုရင် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့်   ပြည်ထောင်စုတည်ဆောက် ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူများ (၅) ချက်ရရှိပါတယ်”ဟု ပြောကြားသည်။

 

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးဇော်ဌေးက အစိုးရအနေဖြင့်  ဆက်လက်အကောင်အထည်ဖော်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ “အစိုးရပိုင်းအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၃) ရပ်ကိုဖော်ဆောင်ပါမယ်။ ညီလာခံဖွင့်ပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ထုတ်ဖော်ပြောထားတာရှိပါတယ်။ ပထမလုပ်ငန်းစဉ်ကတော့ Ceasefire (အပစ်အခတ် ရပ်စဲရေး)မှာ နံပါတ်(၁)ကတော့ NCA လက်မှတ်မထိုးတဲ့ အဖွဲ့တွေနဲ့ Ceasefire Agreement (အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်) တွေရအောင်လုပ်မယ်။ ပြီးရင် NCA စာချုပ်ပါ နိုင်ငံရေးစားပွဲဝိုင်းကို ရအောင်လုပ်မယ်။ နံပါတ်(၂) အချက်ကတော့ ကျွန်တော်တို့ NCA လက်မှတ်ထိုးပြီးသား အဖွဲ့တွေနဲ့ Ceasefire ပိုပြီးခိုင်မာအောင်လုပ်မယ်။ နောက် Ceasefire Monitoring (အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာခြင်း) ကို ခိုင်မာအောင်လုပ်မယ်။ Bilateral တွေသွားမယ်။ NCA အခန်း(၃)၊ အခန်း(၄) ဒီကိစ္စတွေကို ခိုင်မာအောင်လုပ်မယ်။ နံပါတ် (၃)အချက်က လွှတ်တော်ဘက်က ဥပဒေပြဌာန်းတာတွေ၊ အစိုးရပိုင်းက အမျိုးသားတန်းတူရေး၊ တိုင်းရင်းသားအခွင့်အရေး မြှင့်တင်ရေး ကိစ္စတွေကို ဟန်ချက်ညီဖော်ဆောင်မယ်။ ဒါက ပထမလုပ်ငန်းစဉ် ဖြစ်ပါတယ်။

 

“ဒုတိယလုပ်ငန်းစဉ်ကတော့ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၃) (Union Accord Part-3) မှာ ဆက်လက်ဆွေးနွေးဖို့အရာတွေ ကျန်ရှိပါတယ်။ အပိုင်း(၃)မှာ ပါရှိတဲ့ လမ်းညွှန်အခြေခံ မူထဲမှာရှိတဲ့ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးကိစ္စတွေ ဆက်ပြီး ဆွေးနွေးရမှာဖြစ်ပါတယ်။ နောက်အချက် ကတော့ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍနဲ့အခွင့် အာဏာကိစ္စ ဆက်ဆွေးနွေးရမှာဖြစ်ပါတယ်။ နံပါတ်(၂) အချက်က နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) နဲ့အညီ ဆက်ပြီးတော့ ပြင်ဆင်သွားဖို့၊ နံပါတ်(၃) အချက်က ပြည်ထောင်စုသဘောတူ စာချုပ်အကောင် အထည်ဖော်တဲ့ ယန္တရားနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း အကောင်အထည်ဖော်တဲ့ ယန္တရားကို ဟန်ချက်ညီ ဆောင်ရွက်ဖို့ဆိုတာ ဒုတိယ လုပ်ငန်းစဉ်မှာ ပါပါတယ်။

 

“တတိယလုပ်ငန်းစဉ်ကတော့ ပထမလုပ်ငန်းစဉ်နဲ့ ဒုတိယလုပ်ငန်းစဉ်မှာပါဝင်တဲ့ အချက်တွေကို ဆောင်ရွက်တဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ဆက်ပြီးတော့ ဆွေးနွေးတဲ့အခါ ဇယား(၂)ကို ကျွန်တော်တို့က ရပြီဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင် Constitution တွေ ရေးဆွဲရေးကို ကျွန်တော်တို့ ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲ့ဒီလို ညှိနှိုင်းတဲ့အခါ ဒီကနေ့ မိန့်ခွန်းမှာပါတဲ့အတိုင်း ဥပမာ-နိုင်ငံရေး ပိုင်းမှာ ဘယ်အချက်ကို ရောက်ပြီဆိုရင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းမှုက ဘယ်အခြေ အနေ လုပ်ရမယ်ဆိုတာမျိုး နိုင်ငံရေးနဲ့ လုံခြုံရေးကို သက်မှတ်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဖြေကြားသည်။

 

အစိုးရနှင့် NCA-S EAO ကိုယ်စားလှယ်များသည် လာမည့် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် JMC-U အစည်းအဝေး၊ JMC-S အစည်းအဝေးများ ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဖက် ဆွေးနွေးရန် ကျန်ရှိနေသည်များကိုလည်း ဆက်လက်ဆွေးနွေးသွား မည်ဖြစ်ကြောင်းသိရသည်။

 

“ကျွန်တော်တို့နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ဘာတွေဆက်လုပ်မှာလဲ ဆိုတဲ့ သဘောတူညီချက်တွေရှိတယ်။ ဥပမာအားဖြင့် စက်တင်ဘာလ ဒုတိယပတ်ဆိုရင် ကျွန်တော်တို့ JMC-U အစည်းအဝေး တွေ ခေါ်ယူဖို့ရှိပါတယ်။ စက်တင်ဘာလ နောက်ဆုံးပတ်ဆိုရင် JMC-S အစည်းအဝေးတွေ ခေါ်ယူဖို့ရှိပါတယ်။ စက်တင်ဘာလ နောက်ဆုံးပတ်နဲ့ အောက်တိုဘာ လဆန်းပိုင်းမှာတော့ ကျွန်တော်တို့ နှစ်ဖက်အလုပ်အဖွဲ့တွေကြားမှာ ဆွေးနွေးဖို့ကျန်ရှိ နေတာတွေကို ဆက်လက်ဆွေးနွေးဖို့ပါ။ နောက်တချက်ကတော့ မူဘောင်အရ လုပ်ထားတဲ့ Dialogue Structure ပုံစံကို နှစ်ဖက် ပြန်ဆွေးနွေးဖို့ရှိပါတယ်။ တစ်ဖက်ကတော့ နိုင်ငံရေးပါတီများ အစုအဖွဲ့ ဖြစ်ပါတယ်။ အခုက ရွေးကောက်ပွဲရှိနေတော့ နိုဝင်ဘာရွေးကောက်ပွဲ ပြီးတဲ့အချိန်လောက်တော့ ပြန်လည်တွေ့ဆုံဖို့အချိန်ရပါတယ်။ အဲ့ဒီအချိန်ဆို EAO တွေနဲ့ ကျွန်တော်တို့က တော်တော်များများ တွေ့ပြီးဖြစ်နေလောက်ပါပြီ” ဟု ဦဇော်ဌေးက ပြောသည်။

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဩဂုတ်လ ၁၆ ရက်နေ့က စတင်၍ ကိုဗစ်-၁၉ Positive လူနာတွေ့ရှိခဲ့ပြီး ယနေ့တွင် ၁၉ ဦးအထိရှိလာပြီဖြစ်သည်။

 

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဦးဇော်ဌေးက “ရခိုင်ပြည်နယ် စစ်တွေမှာ ဩဂုတ် ၁၆ ရက်နေ့ကစပြီး ကိုဗစ်-၁၉ ပိုးတွေ့သူ ၁ ဦးရှိတယ်။ ၁၉ ရက်နေ့မှာ ၃ ယောက် တွေ့တယ်။ ၂၀ ရက်နေ့ မနက်မှာ ၂ ယောက်တွေ့တယ်။ ညမှာ ၃ ယောက်တွေ့တယ်။ ဒီမနက်မှာ ၁၀ ဦးတွေတယ်။ စုစုပေါင်း ပိုးတွေတာ ၁၉ ဦးရှိပါပြီ။ အဓိကပြောချင်တာက AA အပါအဝင် ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကပ်ရောဂါ ကျရောက် တဲ့အချိန်ဖြစ်လာပြီ။ ရခိုင်ပြည်နယ်ကို ကျွန်တော်တို့က တော်တော်လေးကို စိုးရိမ်ပါ တယ်။ အစိုးရအနေနဲ့ အလေးထားပြီးလုပ်နေတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ဆက်စပ်မှုတွေကိုလည်း အထူး ကြပ်မတ်ပြီး ဆောင်ရွက်နေပါတယ်။ အင်ဒိုနီးရှားမှာ ဆူနာမီဖြစ်တော့ လူအများကြီး ထိခိုက်ဆုံးရှုံး ရတယ်။ အဲ့ဒီမှာ ငြိမ်းချမ်းရေးအတွက် ပြန်လည်သင့်မြတ်ရေး ရတယ်။ တခါတည်း ပေါင်းစည်းရေးပါ ရောက်သွားတဲ့ သဘောရှိတယ်။ ရခိုင်ပြည်နယ်မှာ မောင်တောဘက်မှာ အရင်တွေ့ခဲ့ တာပါ ပေါင်းရင် Positive က  ၃၅ ယောက်ရှိနေပြီ။ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေ အကျိုးအတွက် ဒီကာလ မှာ အကြမ်းဖက် တိုက်ခိုက်တာတွေ ၊ ချောင်းမြောင်းတိုက်ခိုက် ဖမ်းဆီးတာတွေ လုပ်ရင် လူမဆန်တဲ့ လုပ်ရပ်ဖြစ်မယ်။ မလုပ်ဖို့ အလေးအနက်ပြောချင်တယ်” ဟုပြောကြားသည်။

 

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ နဲ့ပတ်သက်၍ ဆောင်ရွက်သွားမည့် အခြေအနေနှင့် ပတ်သက်၍ ဦးဇော်ဌေးက “ရခိုင်ပြည်နယ်၊ စစ်တွေမှာ ကိုဗစ်-၁၉ စတွေ့တဲ့ အမျိုးသမီးကနေ စပြီးကျွန်တော်တို့ ကွင်းဆက်တွေလိုက်နေတယ်။ စစ်တွေဘက်က အချို့နေရာတွေမှာ ငါးဖမ်းစက်လှေထွက်တာရှိတယ်။ နေ့စဉ်ထွက်တယ်၊ ပြန်ဝင်လာတယ်။ အဲ့ဒီလိုလူတွေက အများကြီးရှိတယ်။  နောက်တချက်က အချို့ INGO က အဖွဲ့အစည်းတွေ ထောက်ပံ့ကူညီတာတွေရှိတယ်။ အဝင်အထွက်ရှိတဲ့သူတွေ အားလုံးလည်း အခု Quarantine လုပ်ထားတာရှိတယ်။ Outbreak  မဖြစ်အောင် ကျွန်တော်တို့ လုပ်နေတယ်။ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေ ပိုပြီးတော့ လုပ်နေတယ်” ဟုဖြေကြားသည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် AAအဖွဲ့နှင့်ပတ်သက်၍ ဦးဇော်ဌေးက “AA ကို အကြမ်းဖက်အဖွဲ့အဖြစ် မကြေညာခင်ကတည်းက  ကမ်းလှမ်းခဲ့တာ ဘာလဲဆိုတော့ Official Meeting မတွေ့ချင်ရင်လည်း အလွတ်တွေ့ကြမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာရှိတယ်၊ သို့သော် အကြောင်းပြန် မလာဘူး။ သူက ဘာပြဿနာဖြစ်နေလဲဆိုတော့ ခေါင်းတွဲ နောက်က နောက်တွဲဖြစ်နေတယ်။ သုံးတွဲ၊ လေးတွဲ အတွဲမပျက်သွားနေတဲ့အတွက် သူနဲ့စကားပြောဖို့က အခွင့်မသာဘူး။ အလားတူ သူတို့ကို အကြမ်းဖက်အဖွဲ့ မကြေညာခင်တုန်းက ကျွန်တော်တို့နဲ့ အလွတ်သဘော တော်တော်ပြောပါတယ်၊ သို့သော် သူတို့ကိုယ်တိုင်က ဆန္ဒမရှိဘူး။ အခုက အကြမ်းဖက်အဖွဲ့ဖြစ်သွားပြီး၊ ခေါင်းတွဲကလည်း ချိတ်ထားသေးတဲ့အတွက် ကွက်ပြီး သီးသန့်ဆွေးနွေးရတဲ့အခါမှာ ကာယကံရှင် အဖွဲ့အစည်းရဲ့ ရပ်တည်ချက်နဲ့ သူတို့ရဲ့လိုလားချက်က အရေးကြီးတယ်” ဟု ဖြေကြားခဲ့သည်။

 

သတင်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်