နေပြည်တော် ၁၄ ဇူလိုင်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဦးကျော်တင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာမြင့်ထွေးနှင့် ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဦးမောင်မောင်ဝင်းနှင့် ဦးကျော်မျိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ယခု အစည်းအဝေးသည် ဩဂုတ်လ ဒုတိယပတ်အတွင်း ကျင်းပရန် သတ်မှတ်လျာထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အဓိကတာဝန်ရှိကြသည့် ညီလာခံအကြို ပြင်ဆင်ရေးလုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း။
၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီးသည့်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် တရားဝင်အစည်းအဝေးများ ရပ်ဆိုင်းသွားခဲ့ရပါကြောင်း၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် (၂)နှစ်တာကာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ပြန်လည်ကျင်းပနိုင်ရေးအတွက် အစိုးရအစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့များအကြား တရားဝင်အစည်းအဝေးများနှင့် အလွတ်သဘော တွေ့ဆုံမှုပေါင်းများစွာကို အရှိန်အဟုန်မြှင့်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ရခြင်း ဖြစ်ပါကြောင်း။
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၈ ရက်က နေပြည်တော် NRPC ၌ ကျင်းပပြုလုပ်ခဲ့သည့် (၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)မှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း ပထမ(၄)လတာ ကာလအတွင်း ကျင်းပသွားရန်ဆိုသည်ကို သဘောတူဆုံးဖြတ်ခဲ့ပါကြောင်း။
(၈)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဧပြီလဆန်းပိုင်း မဟာသင်္ကြန်ပွဲတော် မတိုင်မီကာလကို နောက်ဆုံးထားရှိပြီး ကျင်းပနိုင်ရန်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ညီလာခံကျင်းပရာတွင် အဓိက အရေးကြီးဆုံးဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)မှာ ပါဝင်မည့် အချက်များကို သဘောတူညီမှုရရှိရန်လည်း တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ဆက်တိုက်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်းမှုများ အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆောင်ရွက်နေချိန်တွင် မမျှော်လင့်ဘဲ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း၌ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ကူးစက်ပျံ့နှံ့မှုများ ကမ္ဘာနှင့်အဝန်း ဖြစ်ပွားလာခဲ့သည့်အတွက် ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ခရီးသွားလာမှု၊ လူစုဝေးမှု အစရှိသည့် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ပိတ်ပင်မှု စည်းမျဉ်းစည်းကမ်းများ ချမှတ်ခဲ့ရပါကြောင်း။
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် စည်းမျဉ်းကန့်သတ်ချက်များ မဖြစ်မနေ ဆောင်ရွက်ရချိန်တွင် အရှိန်အဟုန် ကောင်းစွာ ရရှိနေပြီဖြစ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာလည်း အရှိန်အဟုန် လျော့ကျခဲ့ရပါကြောင်း၊ သို့သော် ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်နေကြသည့် ကိုယ်စားလှယ်များ၏ စိတ်ရင်းစေတနာ၊ ကြိုးပမ်းအားထုတ်မှုများကြောင့် အခက်အခဲအမျိုးမျိုးကြားမှ ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်နိုင်ခဲ့ပါကြောင်း။
COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလမှာပင် နှစ်ဖက်အလုပ်အဖွဲ့များ၏ အခက်အခဲကြားက ကြိုးပမ်းအားထုတ်မှုများကြောင့် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နှင့် ၄ ရက်တို့က ရန်ကုန်မြို့ NRPC ၌ ကျင်းပခဲ့သည့် နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နှစ်ဖက် အလုပ်အဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လာမည့် ဩဂုတ်လ ဒုတိယပတ်အတွင်း ကျင်းပရန် အချိန်ဇယားကို လျာထားသတ်မှတ်ခဲ့ပါကြောင်း၊ နှစ်ဦးနှစ်ဖက် သက်ဆိုင်ရာ ခေါင်းဆောင်များထံ ပြန်လည်တင်ပြပြီး အတည်ပြုကြရန် သဘောတူညီခဲ့ကြပါကြောင်း၊ မူလက ဇူလိုင်လအတွင်း ညီလာခံကျင်းပရန် အစိုးရဘက်က အဆိုပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်က အစုအဖွဲ့အတွင်း ပြန်လည်ဆွေးနွေးညှိနှိုင်းပြီး ဩဂုတ်လ ဒုတိယပတ် ၁၂၊ ၁၃၊ ၁၄ ရက်ကို ပြန်လည် အဆိုပြုခဲ့ခြင်း ဖြစ်ပါကြောင်း။
ညီလာခံကျင်းပမည့် အချိန်ဇယားနှင့်ပတ်သက်၍ ဇူလိုင် ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် သဘောတူညီချက် ရယူနိုင်ခဲ့ခြင်းအား အစိုးရဘက်ကို တရားဝင်အသိပေး ပြန်ကြားထားပြီးဖြစ်ပါကြောင်း၊ အစိုးရအစုအဖွဲ့တွင် ပါဝင်သော အစိုးရနှင့် လွှတ်တော်အစုအဖွဲ့အနေဖြင့်လည်း ညီလာခံကျင်းပမည့်ရက် လျာထားချက်ကို သဘောတူထားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီ အစုအဖွဲ့ဝင်များကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင်များက ညီလာခံကျင်းပရန် ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေများကို အလွတ်သဘော တွေ့ဆုံရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာတွင် အများစု ယေဘုယျအားဖြင့် အပြုသဘောထားများ ထုတ်ဖော်ပြသထားကြပြီးလည်း ဖြစ်ပါကြောင်း။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံကို ကျင်းပရာတွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ပါဝင်သည့် အစိုးရအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့တို့က သုံးပွင့်ဆိုင် ဖော်ဆောင်ကြရခြင်း ဖြစ်သည့်အတွက် လာမည့် စတုတ္ထအစည်းအဝေးကို သတ်မှတ်လျာထားချက်အတိုင်း ကျင်းပနိုင်ရေး ကျန်ရှိနေသော သက်ဆိုင်ရာ အစုအဖွဲ့များကလည်း အချိန်မီ သဘောတူညီကြရန် နိုင်ငံတော်အစိုးရအနေဖြင့် မျှော်လင့်ထားပါကြောင်း၊ မကြာမီကျင်းပမည့် (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးသည် ငြိမ်းချမ်းရေးညီလာခံ သက်သက်မဟုတ်ဘဲ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်သည် ဆိုသည်ကို လက်တွေ့မှတ်ကျောက်တင် သက်သေပြမည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်သည့်အတွက် ဖြစ်ပါကြောင်း၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွင် တိုက်ရိုက်ပါဝင် ရင်ဆိုင်နေကြရသည့် တပ်မတော်ခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များကလည်း “ငြိမ်းချမ်းရေးကို အလိုချင်ဆုံးဟာ လက်တွေ့တိုက်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်နေကြရတဲ့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်တယ်” ဟု ကြိမ်ဖန်များစွာ ပြောကြားထားခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး၏ အနှစ်သာရကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ပိုပြီးသိရှိ ခံစားနားလည်ကြသည်၊ တန်ဖိုးထားကြသည်မှာ ယုံမှားသံသယဖြစ်ဖွယ်ရာ မရှိပါကြောင်း။
ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှု စားပွဲဝိုင်းများတွင် လက်နက်ကိုင်ပဋိပက္ခ၏ ဇစ်မြစ်ဖြစ်သည့် နိုင်ငံရေးပြဿနာများကို ညှိနှိုင်းဖြေရှင်းကြသည့်အခါ အနိမ့်-အမြင့်၊ အတက်-အကျများ များပြားတတ်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် တစ်ရက်တာ နောက်ကျသွားသည်နှင့်အမျှ လက်နက်ကိုင် ပဋိပက္ခကြောင့် ထိခိုက်ခံစားရမည့် ဆိုးကျိုးများက မနည်းပါကြောင်း၊ ပဋိပက္ခဒေသများတွင် ခက်ခက်ခဲခဲ ရှင်သန်နေထိုင်နေကြရသည့် တိုင်းရင်းသားပြည်သူများက (၂၁)ရာစုပင်လုံညီလာခံအပေါ် မျှော်လင့်တကြီး စောင့်စားနေကြသည်ကို ပြည်ထောင်စုအကျိုးမျှော်တွေးပြီး အလေးအနက်ထားစေချင်ပါကြောင်း၊ ယခုကဲ့သို့ ညီလာခံကျင်းပနိုင်သည့် အခြေအနေ ရောက်ရှိလာအောင် ပြည်ထောင်စုငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရရှိနိုင်အောင် အခက်အခဲ အမျိုးမျိုးကြားမှ သက်ဆိုင် ပါဝင်သူအားလုံးက ကြိုးစားပမ်းစား၊ စေတနာထားပြီး ဆောင်ရွက်ခဲ့ကြသည့်အတွက် “ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ” (UPDJC)၏ (၁၈)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၂ ရက်က နေပြည်တော်၌ ကျင်းပနိုင်ခဲ့ခြင်းပင် ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းမှာပင် (၂)နှစ်နီးပါး ရပ်ဆိုင်းထားခဲ့ရသည့် “ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ” (JMC)၏ (၁၉)ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်တို့တွင် နေပြည်တော်၌ ကျင်းပနိုင်ခဲ့ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အစိုးရက ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပရေး လုပ်ငန်းကော်မတီများအနေဖြင့် လာမည့် ဩဂုတ်လ ဒုတိယပတ် ၁၂၊ ၁၃၊ ၁၄ ရက်တို့တွင် ညီလာခံ ကျင်းပသွားမည်ဆိုသည့် လျာထားချက်နှင့်အညီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလဖြစ်သည်နှင့်အညီ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ဖွယ်ရာရှိသည်များကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ထားကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် ပြီးခဲ့သည့် ညီလာခံ(၃)ကြိမ်နှင့် NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်အခမ်းအနားများကို တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံများ ရှိပြီးဖြစ်သည့်အတွက် COVID-19 ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေရန် ထပ်ဆောင်းပြင်ဆင်နိုင်ကြမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဖိတ်ကြားရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေးလုပ်ငန်းများနှင့် ခန်းမအတွင်း နေရာချထားရေးလုပ်ငန်းအတွက် ကြိုတင်ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဧည့်ခံကျွေးမွေးရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက လုံခြုံရေးဆိုင်ရာလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နေမှုနှင့် လုံခြုံရေးဆောင်ရွက်ရန် ပစ္စည်းလိုအပ်ချက်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အခမ်းအနားအား တိုက်ရိုက်ထုတ်လွှင့်နိုင်ရေး၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ပူးပေါင်းညှိနှိုင်းရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် တက်ရောက်လာကြသူများက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြံပြုဆွေးနွေးကြသည်။
ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌက လုပ်ငန်းကော်မတီများအနေဖြင့် ညီလာခံကျင်းပနိုင်ရေးအတွက် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်များရှိပါက ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်း ကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်၍ရပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရပ်ထား၍မရပါကြောင်း၊ ထို့အတွက် ကိုဗစ်ဖြစ်နေသည့်ကာလ၌ပင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ကိုဗစ်နှင့်စပ်လျဉ်း၍ ဖြေလျော့မှုများ လုပ်ဆောင်လျက်ရှိပါကြောင်း၊ မကြာမီ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ပါကြောင်း၊ ကိုဗစ်၏ frist wave အား အောင်အောင်မြင်မြင်ဖြင့် ကျော်လွှားနိုင်ခဲ့ပြီး second wave ကိုလည်း ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကိုဗစ်သည် မည်သည့်အချိန်တွင် ပြီးဆုံးမည်ဟု ခန့်မှန်း၍ မရပါကြောင်း၊ အနာဂတ်ကာလတွင် ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်သွားရမည်ဟု သုံးသပ်ရပါကြောင်း၊ ကိုဗစ်ကာလပြီးမှ ငြိမ်းချမ်းရေးညီလာခံ ဆောင်ရွက်ရမည်ဆိုပါက မဖြစ်နိုင်ပါကြောင်း၊ ငြိမ်းချမ်းရေးဆိုသည်မှာ ပြည်သူများတောင့်တနေသည့် ကိစ္စဖြစ်ပါကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုတွင် နားလည်မှုများ ရရှိပြီး အရှိန်ရနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် ငြိမ်းချမ်းရေးညီလာခံ မဖြစ်မနေကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်


