နေပြည်တော် ဖေဖော်ဝါရီ ၂၆

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီတို့ ကြီးမှူးကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းများနှင့် ပြည်ပပို့ကုန်မြှင့်တင်ရေးဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်ရှင်များအသင်း၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အသင်းတို့မှကိုယ် စားလှယ်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား၍ တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ GACC ပို့ကုန်ဆိုင်ရာစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ၊ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှု ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသည့် စီးပွားရေးလုပ် ငန်းရှင်များက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဟုန်းပန်းကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ ကျိုးရှောင်ဖုန်း ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့နှင့် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ တွေ့ဆုံပြီး နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိကြသည့် နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ် နှင်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်