နေပြည်တော်၊ မတ် ၂၄
နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင် ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ သုခဝိဟာရ ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ၊ နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ အဖွဲ့ဝင်၊ ပျဉ်းမနားမြို့ မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိဿနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပူဇော်ခံတော်မှုကြမည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်း ဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာများ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် လူပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ သုခဝိဟာရ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်ထံမှ ဧည့်ပရိသတ်တို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သာသနာတော်ဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ နေပြည်တော် ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၏ ဇနီးက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် သီလရှင် ဆရာကြီးများအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကိတ္တိသာရ ထံ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဂန္တဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်ပူဇော်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီးက ဂန္တဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ သီလရှင်ဆရာကြီး နှစ်ပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး တစ်ပါးတို့အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ရ ဒေါက်တာမိုးမိုးသွယ်ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ ဦးမြင့်ဦးကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီးက သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရကြသည့် ဒေါ်မာလာမျိုးစိန်နှင့် ဒေါ်ကလျာထင်လင်းကျော်တို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းသည်။
ထို့နောက် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အဖွဲ့ဝင်၊ ပျဉ်းမနားမြို့ မဟာဓမ္မိကာ ရာမ အုန်းတောပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိဿ မထေရ်မြတ်ထံမှ ဧည့်ပရိသတ်တို့က အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
ယနေ့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး တစ်ပါး၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးသုံးပါး၊ ဂန္တဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးလေးပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးခြောက်ပါး၊ ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးနှစ်ပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီးတစ်ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်တစ်ဦး၊ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်တစ်ဦး၊ သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်နှစ်ဦးတို့ကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များကို နေပြည်တော်ကောင်စီမှ ကြီးမှူး၍ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်