နေပြည်တော် ၂၁ မေ

 


ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အခြေခံပညာကျောင်း စတင်ဝင်ရောက်လာမည့် ကလေးများ၏ ကာကွယ်ဆေးထိုးနှံပြီးစီးမှုကို စိစစ်၍ လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံပေးမည့်လုပ်ငန်း ဗဟိုအဆင့်အသိပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 


အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ WHO ၊ UNICEF တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှ မြို့နယ်ကျန်းမာရေးမှူးများနှင့် မြို့နယ်ပညာရေးမှူးများ တက်ရောက်ခဲ့ကြသည်။

 


အဆိုပါ အသိပေးဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းသည် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် (၈) မြို့နယ်မှ အခြေခံပညာကျောင်းများတွင် ကျောင်းဝင်ခွင့် လျှောက်ထားလာသော ကျောင်းသား/ကျောင်းသူအသစ် ကလေးများ၏ ကာကွယ်ဆေးထိုးနှံပြီးစီးမှုကို စိစစ်၍ ကာကွယ်ဆေးအကြိမ်ပြည့် ရရှိထားခြင်းမရှိသော ကလေးများကို လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် အစီအစဉ်ကိုလည်းကောင်း၊  ၄င်း (၈) မြို့နယ်မှ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းဆရာ/ ဆရာမများအား သင်တန်းပေးခြင်း အစီအစဉ်ကိုလည်းကောင်း အသိပေးဆွေးနွေးခဲ့ကြသည်။

 


(သတင်းစဉ်)