နေပြည်တော် ၂၁ မေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ စုပေါင်းခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းနှင့် ဇနီး၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးဝင်းမော်၊ ဦးသန်းထွန်း၊ ဒေါက်တာဦးပွားနှင့် ဦးစောဗယ်လင်တိုင်း၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်နှင့် အခြေခံပညာအဆင့်ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေများကိုလည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ ဇနီး ဒေါ်လှလှဝင်းက အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေး ကိရိယာများနှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ပညာရည်ထူးချွန်ဆုများကိုလည်းကောင်း ချီးမြှင့်ထောက်ပံ့ပေးအပ်သည်။
အခမ်းအနားတွင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ (၂၀)၊ အခြေခံပညာအဆင့် (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းသား၊ ကျောင်းသူ (၈၅)ဦးနှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော (၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၄)ဦး စုစုပေါင်း (၁၁၅)ဦးတို့အား ပညာသင်ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ပညာရည်ချွန်ဆုတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)