နေပြည်တော် ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ မီးဘေးလုံခြုံရေးအတွက် အထောက်အကူပြုစေမည့် မီးဘေးလုံခြုံရေး ဆိုင်ရာ မီးငြိမ်းသတ်စက်နှင့် မီးသတ်ပစ္စည်းများကိုင်တွယ်အသုံးပြု၍ မီးသတ်ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇)၌ ကျင်းပပြုလုပ်သည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် မီးဘေးအန္တရာယ် ကာကွယ်တားဆီးနိုင်ရေးအတွက် ဝန်ထမ်းများ အပေါ့စားမီးငြှိမ်းသတ်စက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတ်မှတ်ထားသည့် စံနှုန်းများဖြစ်သည့် မီးလောင်မှုအခြေခံသဘောတရားများ၊ မီးအတန်းအစား ခွဲခြားခြင်း၊ မီးသတ်ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုခြင်းနှင့် မီးငြှိမ်းသတ်ခြင်းတို့ကို သင်တန်း တက်ရောက်ထားသည့် အရာထမ်းများက စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ပြီး အမျိုးသားဝန်ထမ်း (၁၂) ဦး၊ အမျိုးသမီးဝန်ထမ်း(၄၈)ဦး၊ စုစုပေါင်း (၆၀) တို့ကို အဖွဲ့(၆) ဖွဲ့ခွဲ၍ ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲအသွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်များဖြစ်သော ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီ၊ ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆုရရှိသည့်ဥက္ကဋ္ဌရုံးအဖွဲ့မှ အုပ်စု(၁) အသင်း၊ ဒုတိယဆုရရှိသည့် ဝန်ထမ်းရေးရာဦးစီးဌာနမှ အုပ်စု(၂)အသင်းနှင့် တတိယဆုရရှိသည့် ဝန်ထမ်း ရေးရာဦးစီးဌာနမှ အုပ်စု(၁)အသင်းတို့အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)