နေပြည်တော် ဩဂုတ် ၁၉

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ တွင်ဖွင့်လှစ်ခဲ့ သည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှု သင်တန်းများနှင့် အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်းများ၏ သင်တန်းဆင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် သက်ဆိုင်ရာတက္ကသိုလ်များအလိုက် သင်တန်းခန်းမများ၌ တစ်ချိန်တည်းကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက Online ဖြင့် သင်တန်းဆင်း အမှာစကားပြောကြားသည်။

 

အခမ်းအနားများသို့  အဖွဲ့ဝင် ဦးဆန်းမြင့်၊ အဖွဲ့ဝင် ဦးစိုးတင့်၊ အမြဲတမ်းအတွင်းဝန် ဉီးအောင်တင်စိုး၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ၊  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော်၊ ဒုတိယပါမောက္ခ ချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊  ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ခဲ့ကြသည်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက နိုင်ငံ့ဝန်ထမ်းအရာရှိကြီးများအား မိမိတို့ဌာနအလိုက် လုပ်ငန်းတာဝန် များသာမက နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်များ၊ စီမံကိန်းများ၊ လုပ်ငန်း များကိုသိရှိနားလည်ရန် လိုအပ်သည့်အတွက် ပြည်ထောင်စုအဆင့်အကြီးအကဲများ၊ ပြည်တွင်း/ ပြည်ပပညာရှင်များက လာရောက် ပို့ချပေးပါကြောင်း၊ ၎င်းအပြင် နိုင်ငံတော်နှင့် ပြည်သူ့ အတွက် လုံခြုံရေးကာကွယ်ရေးဆိုင်ရာ အသိပညာများကိုလည်း  တာဝန်ရှိသူများက လာရောက် ပို့ချပေးခဲ့ပါကြောင်း၊ သင်တန်းသား အရာရှိကြီးများသည် နောင်တစ်ချိန်တွင် ဦးဆောင်မူဝါဒ ချမှတ်သူများ ဖြစ်လာမည်ဖြစ်သည့် အတွက် နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေ၊ စီမံအုပ်ချုပ်ရေးလုပ်ငန်းစဉ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို  သင်တန်းသားများ အားလုံး သိရှိနားလည်ပြီး မိမိတို့ကျရာကဏ္ဍမှလိုက်ပါ ကြိုးပမ်းဆောင်ရွက်သွားကြရန် အရေးကြီးပါ ကြောင်း၊ သင်တန်းသားများသည် အနာဂတ်နိုင်ငံတော်၏ စီမံအုပ်ချုပ်ရေးကဏ္ဍအသီးသီးတွင် ဦးဆောင်မှုကဏ္ဍမှ တာဝန်ယူကြရသည့် သူများဖြစ်သည့်အတွက် နိုင်ငံနှင့်နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိရောက်စွာ သယ်ပိုးနိုင်ရေး ကြိုးစားကြရန်လိုအပ်ပါကြောင်း၊ “ဝန်ထမ်း ကောင်းမှနိုင်ငံကောင်းမည်” ဆိုသည့်အတိုင်း တိုင်းပြည်ကို ချစ်သောစိတ်ဖြင့် နိုင်ငံတော်မှ အားထားရသော ဝန်ထမ်းကောင်းများ ဖြစ်စေရန် ကြိုးစားအားထုတ်ပြီး မိမိတို့ကျရာ အခန်း ကဏ္ဍမှ စိတ်ကောင်းစေတနာကောင်းများ ပေါင်းစပ်ကာ ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါ ကြောင်း၊ အဖွဲ့အစည်းတစ်ခုတွင် စီမံခန့်ခွဲအုပ်ချုပ်သူ ခေါင်းဆောင်များ ကောင်းမွန်ရန် လိုအပ်ကြောင်း၊ မိမိလက်အောက်ဝန်ထမ်းများမှ အားကိုးအားထားပြုသော ခေါင်းဆောင်များ၊ ပြည်သူလူထုမှ အားကိုးရသော ခေါင်းဆောင်များဖြစ်အောင် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွား ရန်  အရေးကြီးပါကြောင်း။

ယခုကဲ့သို့ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း၊ အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်းများကို  ၂၀၁၂ ခုနှစ်မှစတင်၍ (၁)နှစ်လျှင်(၂)ကြိမ် ဖွင့်လှစ်ခဲ့ပြီး ယခု သင်တန်းများ အပါအဝင် စုစုပေါင်းသင်တန်း (၄၄)ကြိမ်  ဖွင့်လှစ်ပေးခဲ့ပြီး အဆင့်မြင့်အရာရှိကြီး (၁၆၅၄)ဦးကို လေ့ကျင့်ပေး ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုနှစ်မှစတင်၍ သင်တန်းကို နှစ်ဆတိုး၍ (၁)နှစ်လျှင် (၄)ကြိမ် ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၅)နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ်(၁၈)တို့၏ သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များကို အဖွဲ့ဥက္ကဋ္ဌကိုယ်စား တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်က လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၁၀)နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁၁)တို့၏ သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များကို ပါမောက္ခချုပ် ဦးကျော်စိုးက လည်းကောင်း  ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

 

ဝန်ထမ်းအဖွဲ့အစည်းဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၀)နှင့် ()သို့ သင်တန်းသား ၊ သင်တန်းသူ (၄၁)ဦးနှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁၁)နှင့် (၁၈)သို့ သင်တန်းသား ၊ သင်တန်းသူ (၉၂)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇွန် ၂၇ ရက်မှ  ဩဂုတ် ၁၉ ရက်အထိ ရက်သတ္တ (၈) ပတ်ကြာမြင့် ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)