ဟားခါး ၂ နိုဝင်ဘာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်း (ချင်းပြည်နယ်တာဝန်ခံ)နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီက ဟားခါးမြို့ပေါ် ရပ်ကွက် (၈)ရပ်ကွက်ရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးနေမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်း(ချင်းပြည်နယ်တာဝန်ခံ)နှင့် အဖွဲ့ဝင် များသည် ဟားခါးမြို့ပေါ်ရပ်ကွက်များရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးနေသည့် နေရာများ ဖြစ်သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၊ စာသင်ကျောင်းများသို့ရောက်ရှိ၍ မဲရုံတာဝန်ကျသည့် ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးဝန်ထမ်းများအနေဖြင့် ယခုလို မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ကြိုးစားဆောင်ရွက်ပေးသည့်အတွက် အထူးကျေးဇူးတင် ရှိကြောင်း၊ COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလဖြစ်သည့်အတွက် ကြိုတင်မဲပေးသူများနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးကြရန်နှင့် နိုဝင်ဘာ ၈ ရက်တွင်လည်း ဆက်လက် ကြိုးစားဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး ကြိုတင်ဆန္ဒမဲပေးနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု ခဲ့သည်။
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ဟားခါးမြို့နယ်အတွင်း မဲရုံပေါင်း (၉၅)ရုံရှိပြီး ဆန္ဒမဲရှင် စုစုပေါင်း (၃၉၁၂၃)ဦးရှိကြောင်း ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
အောင်ခွီရှိန်း(ခရိုင် ပြန်/ဆက်)


