စစ်တွေ    ၄  နိုဝင်ဘာ 

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လွတ်လပ်စွာ ဆန္ဒမဲပေးနေမှုများကို  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်စိုးဝင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

a1

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် စစ်တွေမြို့ ရဲနွယ်စုရပ်ကွက်  ကော်မရှင်အဖွဲ့ခွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်များမဲပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ကျောင်းကြီးလမ်းရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ၊ ဘောလုံးကွင်းရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ၊ ရူပမြောက်ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲနှင့် တရားသီးစု ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၊ ဓမ္မာရုံများနှင့် စာသင်ကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်ရေး     ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးနေမှုအခြေ၊ ဆန္ဒမဲပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။ 

ထို့ပြင် ကော်မရှင်အဖွဲ့ခွဲများတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး  ညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေး ရောဂါကာကွယ်ရေးပစ္စည်းများ ထုတ်ပေးထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ၄၇၇၉၅၉ ဦးရှိပြီး အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေး နိုင်သည့်မဲဆန္ဒရှင် ၈၂၈၃၃ ဦးရှိကာ၊ ချင်းတိုင်းရင်းသားမဲဆန္ဒရှင် ၁၈၁၈၆ ဦး၊ မသန်စွမ်းမဲဆန္ဒရှင် ၁၂၁၂ ဦးရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)