စစ်တွေ၊ အောက်တိုဘာလ ၂၆
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်သည် ယနေ့ နံနက် ၁၀:၀၀ နာရီတွင် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ နိုင်ငံရေးပါတီ ၆ ပါတီမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအား တွေ့ဆုံ၍ ပါတီဝင်အင်အားများ စုဆောင်းမှုအခြေအနေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ပါတီဝင်အင်အားစာရင်းများအား ပူးပေါင်းအဖွဲ့ဖြင့် တိုက်ဆိုင်စိစစ်ခြင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်မှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပါတီဝင်အင်အားစိစစ်ရန် ပေးပို့ထားသည့် နိုင်ငံရေးပါတီ ၈ ပါတီ၏ ပါတီဝင်အင်အားစာရင်းများကို မှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းစိစစ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ပါတီအလိုက် စစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေနှင့် တွေ့ကြုံရသည့်အခက်အခဲများကို တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ပါတီဝင်အင်အားစိစစ်ခြင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်နှင့် စစ်တွေမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများမှ အရာရှိများ၊ ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ ၄ ပါတီနှင့် ပါတီရုံးခွဲဖွင့်လှစ်ထားသည့် နိုင်ငံရေးပါတီ ၂ ပါတီတို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီများ တက်ရောက်ကြသည်။
၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်သည် စစ်တွေမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်အင်အားစာရင်းများကို ပါတီဝင်ဖြစ်ကြောင်း အသိအမှတ်ပြုထားသည့်မှတ်တမ်း၊ အထောက်အထားများဖြင့်လည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ e-ID စနစ်ဖြင့် လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ Admin DEO Software ဖြင့် လည်းကောင်း၊ ပါတီကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းစိစစ် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်