မောက်မယ် ဇန်နဝါရီ ၅

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦး သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပမည့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ်၌ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးသည်။

တွေ့ဆုံပွဲတွင်  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က လာမည့်ဇန်နဝါရီ ၁၁ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် မောက်မယ်မြို့နယ်အား ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လင်းခေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူးများ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲပေးခြင်း လုပ်ငန်းများကို ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရေး စသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ လင်းခေးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်ထွန်းက လင်းခေးခရိုင်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ကျင်းပရာတွင် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့် ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးတို့က ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာကြသည့် ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွေးနွေးမေးမြန်းကြပြီး  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းနှင့် စျေးတန်းရပ်ကွက်ရှိအမှတ်(၁)မဲရုံ ပြင်ဆင်ထားရှိမှုအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)