မိုင်းရယ် ဒီဇင်ဘာ ၃၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးမြင့်ဦးသည် လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိုင်းရယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မိုင်းရယ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးမှာကြား
တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က မိုင်းရယ်မြို့နယ်အတွင်းရှိ မဲရုံများသို့ ဖြန့်ခွဲမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ စမ်းသပ်ခြင်းနှင့် မဲရုံများသို့ ဖြန့်ခွဲ ပို့ဆောင်နေရာချထားမည့်အခြေအနေ၊ မဲပေးစက် အသုံးပြုမည့်လုပ်ငန်းစဉ်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးတို့ ပါဝင်သော မဲရုံအဖွဲ့ဝင်တို့၏ လုပ်ငန်းတာဝန်များ၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရမည့် အခြေအနေ၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲလက်မှတ်များ ရေတွက်ခြင်းနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် တန့်ယန်းခရိုင်အုပ်ချုပ်ရေးမှူးနှင့် လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌတို့က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးက MEVM စက်ဆိုင်ရာများကို လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးက မိုင်းရယ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲအရာရှိက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက ရွေးကောက်ပွဲကာလလုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုများကိုလည်းကောင်း ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က ဆွေးနွေးတင်ပြမှုများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ တာဝန်ရှိသူများနှင့်အတူ မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ ထားရှိမည့်နေရာနှင့် မိုင်းရယ်မြို့နယ် ရပ်ကွက်(၂)၌ တတိယအကြိမ် ကြေညာထားသည့် မဲစာရင်းများအား မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုစစ်ဆေးနေမှုတို့ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)


