နေပြည်တော်၊ အောက်တိုဘာ ၃၀

 

နိုင်ငံရေးပါတီဝင်အင်အားစိစစ်ခြင်းနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ခွင့်ပြုပြီးသော ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီ ၄ ပါတီနှင့် ရှမ်းပြည်နယ်အတွင်း စည်းရုံးမည့်ပါတီ ၂ ပါတီမှ တာဝန်ရှိသူများ၊  ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ တက်ရောက်ကြသည်။

 

ဉီးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၄ ပါတီနှင့် ရှမ်းပြည်နယ်အတွင်း စည်းရုံးမည့် ပါတီ ၂ ပါတီ၊ စုစုပေါင်း ၆ ပါတီအား သတ်မှတ်ရက်ကာလ ပြည့်ပြီးဖြစ်သဖြင့် မြေပြင်စစ်ဆေးခြင်းဖြစ်ကြောင်း၊ ပါတီဝင်များစိစစ်ရာတွင် သက်ဆိုင်ရာပါတီများရှိ ပါတီဝင်လျှောက်လွှာ၊ အသိအမှတ်ပြုကတ်ပြား၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရသည့် ပါတီဝင်အင်အားစာရင်း နောက်ဆက်တွဲ (ဇ) ပူးတွဲများနှင့် တိုက်ဆိုင်စစ်ဆေးမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအား အင်အားတောင့်တင်းသော ပါတီဝင်များ ဖြစ်လာစေရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများမှ ပူးပေါင်းအစစ်အဆေးခံရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက ရှမ်းပြည်နယ်အတွင်းရှိ မှတ်ပုံတင်ခွင့်ပြုထားပြီးသော နိုင်ငံရေးပါတီများအား ပါတီတစ်ခုချင်းအလိုက် ပါတီဝင်အင်အားကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ၎င်းပါတီတာဝန်ခံတို့ တိုက်ဆိုင်စိစစ် စစ်ဆေးပြီးသော အခြေအနေများကို တင်ပြသည်။ ယင်းနောက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒုတိယပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့က ဆက်လက်တင်ပြ ဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီ ၆ ပါတီ၏ တာဝန်ခံများကလည်း ပါတီအလိုက် တင်ပြ ဆွေးနွေးခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီများ၏ ပါတီဝင်အင်အား စိစစ်မှုကို ဆက်လက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်