နေပြည်တော် အောက်တိုဘာ ၂၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော်သည် ယနေ့နံနက် ၉ နာရီခွဲတွင် မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီ ၃ ခုမှ ခရိုင်နှင့် မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌများ၊ အမှုဆောင်များနှင့်တွေ့ဆုံ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများ၏ ပါတီဝင်အင်အားစာရင်းများ ဥပဒေနှင့်အညီ စိစစ်နေမှုနှင့် ပြီးစီး နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးနိုင်ရေးအတွက် ဆွေးနွေးမှာ ကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက ပါတီဝင်အင်အားစာရင်း များ ဥပဒေနှင့်အညီ မှန်ကန်စေရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၃ ပါတီမှ ခရိုင်နှင့် မြို့နယ် ပါတီကော်မတီဥက္ကဋ္ဌများနှင့် အမှုဆောင်များအား တွေ့ဆုံ၍ ပါတီဝင်အင်အားစာရင်းများ စိစစ်မှုလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် လိုအပ်ချက် များ မှာကြားသည်။
အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းသည် ယနေ့ နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နိုင်ငံရေးပါတီ ၅ ပါတီမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ နှင့်တွေ့ဆုံ၍ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိစေရေး ဥပဒေနှင့်အညီစီစစ်မှု အခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာများနှင့်စပ်လျဉ်းပြီး ပါတီဝင်အင်အားများ စုဆောင်းမှုမှအစ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအပါအဝင် သက်ဆိုင်ရာ တည်ဆဲ ဥပဒေများနှင့်အညီ ထူထောင်ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ပါတီဝင်အင်အား စာရင်းများအား ပူးပေါင်းအဖွဲ့ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်ပြီး တာဝန်ရှိသူများက ပါတီအလိုက်အင်အားစာရင်းများ စစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့်အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပါတီဝင်အင်အားစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် မုံရွာခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမ၌ နိုင်ငံရေးပါတီများ၏ ပါတီဝင် အင်အား စာရင်းများမှန်ကန်စေ ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
(သတင်းစဉ်)