ပုသိမ်     ၁၀     ဇူလိုင်        


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲအား ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပရာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင် က ရှင်းလင်းပြောကြားသည်။


ယခုလိုတွေ့ဆုံရသည်မှာ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ အားလုံး မဲပေးခွင့်ရရှိရေးအတွက် ရွေးကောက်ပွဲတွင် ဝင်ရောက်ကြမည့် ပါတီအသီးသီးနှင့် လူမှုအဖွဲ့အစည်း အသီးသီးတွင် ဆောင်ရွက်နေကြသော လူကြီးမင်းများ ပါဝင်ကူညီပူးပေါင်း ဆောင်ရွက်ပေးနိုင်ရန် ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ခုနှစ် နှစ်ကုန်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ် အထိ ဆောင်ရွက်သွားမည့် မဟာဗျူဟာစီမံကိန်းကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် လွတ်လပ်ရမည်၊ တရားမျှတမှု ရှိရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံသည့်ရွေးကောက်ပွဲဖြစ်ရမည်၊ ရွေးကောက်ပွဲ ရလဒ်နှင့် ပြည်သူ့ဆန္ဒတစ်ထပ်တည်း ကျစေရမည်ဆိုသော မူ (၅) ရပ်နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယခု ၂၀၁၉ ခုနှစ်ကို မဲစာရင်းပြုစုရေးနှစ်အဖြစ် သတ်မှတ်ပြီး မှန်ကန်သည့်မဲစာရင်းရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းရရှိရေးအတွက် ဦးစွာ လူဦးရေစာရင်းကောက်ယူနိုင်ရန်အတွက် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဋ္ဌာနတို့နှင့် ပူးပေါင်း၍ လုပ်ငန်းစီမံချက်များရေးဆွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲကို ပါတီစုံမှ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြရာတွင် တရားမျှတစွာရွေးချယ်ခံနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူများ အားလုံး မဲပေးခွင့်ရရှိရေး ပါတီများ နှင့်လူမှုရေးအဖွဲ့အစည်းအသီးသီးမှ ပါဝင်ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ သို့မှသာ မှန်ကန်သည့် မဲစာရင်းထွက်ပေါ်လာမှာဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့်လည်း မဲစာရင်းမှန်ကန်ရေးအတွက် လိုအပ်သည့်နည်းပညာများ၊ အခြေခံပစ္စည်းများ ရရှိနိုင်ရေးအတွက် နိုင်ငံတကာမှလူမှုရေး အဖွဲ့အစည်းများ၏ အကူအညီများရယူဆောင်ရွက်လျက် ရှိကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူစာရင်းမူကြမ်းများကို ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၌ သတ်မှတ်နေ့ရက်များတွင် ကပ်ထားမှာဖြစ်ပြီး မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ထံ အကြောင်းကြားပြီး သတ်မှတ်ပုံစံဖြင့် ရယူလျှောက်ထားနိုင်ကြောင်း၊ ထို့အတူ မဲစာရင်းတွင် မဲစာရင်းတွင်မပါဝင်သင့်သူများ ပါဝင်နေပါက သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်တွင် ကန့်ကွက်နိုင်ကြောင်း၊ ပါတီအဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများကလည်း ကူညီဆောင်ရွက် ပေးစေလိုကြောင်း၊ နောက်ဆုံးအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်သည်မည်သည့်ပုဂ္ဂိုလ်စွဲမှမရှိဘဲ ရွေးကောက်ပွဲကို တရားမျှတစွာဖြစ်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပါတီအဖွဲ့အစည်းအသီးသီးမှလည်း တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သိရှိလိုသည်များကိုလည်း မေးမြန်းနိုင်ကြောင်း၊ ကော်မရှင် အနေဖြင့်လည်း ကူညီဆောင်ရွက်နိုင်သည့်ကိစ္စများကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း ၂၀၁၉-၂၀၂၂ အကျဉ်းချုပ်နှင့် မဟာဗျူဟာအခန်း(၇)ကဏ္ဍစုံမှ ပါဝင်သူများနှင့် ဆက်ဆံခြင်းအပိုင်း၊ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းပြုစုခြင်းတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 


ထို့နောက် တက်ရောက်လာသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက်များနှင့် သိရှိလိုသည်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင်၊ ဧရာဝတီ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန) တို့မှ ပြန်လည် ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီးပြန်/ဆက်