နေပြည်တော် ၉ ဇူလိုင်

 

    
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ချင်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


    
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်း (ချင်းပြည်နယ်တာဝန်ခံ) တက်ရောက်ပြီး ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးအုပ်နောလ်နှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ (၈)ပါတီမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသော အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ ဟားခါးမသန်စွမ်းသူများအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းနှင့် ချင်းအမျိုးသမီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ တက်ရောက်ကြသည်။


    
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်း ပြုစုသည့်နှစ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်စေရေးနှင့် တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ရရှိရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲထားသည့် လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မဲဆန္ဒရှင် စာရင်းပြုစုရေးအတွက် ပထမအဆင့်ဖြစ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများအတွင်း အမှန်တကယ် နေထိုင်လျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူပြုစုခြင်းလုပ်ငန်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးစီး၍ ဆောင်ရွက်မည်ဖြစ်ပြီး ကောက်ယူပြုစုပြီးသော အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ စိစစ်မည်ဖြစ်ကြောင်း၊ ကောက်ယူရရှိလာမည့် လူဦးရေစာရင်းနှင့် အချက်အလက်များကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက စိစစ်ပြီး အခြေခံမဲစာရင်းအဖြစ် ပြုစုနိုင်ရေး ဒုတိယအဆင့်အဖြစ် ဇူလိုင်လမှ စက်တင်ဘာလအထိ (၃)လတာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိရေးအတွက် အဆိုပါ လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူသည့်အဖွဲ့များ လုပ်ငန်းဆောင်ရွက်ချိန်တွင် မဲဆန္ဒရှင်ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု အထူးလိုအပ်သကဲ့သို့ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အနေဖြင့်လည်း မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။


    
ဆက်လက်၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးအုပ်နောလ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာစီမံကိန်း ၂၀၁၉−၂၀၂၂ ၏ အခန်းအလိုက် ရည်မှန်းချက်ပန်းတိုင်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးလင်းကျော်က လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း စီမံချက်ပါ လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ မေးမြန်းချက်များနှင့် အကြံပြုဆွေးနွေးချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်းက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်