ကန့်ဘလူ  ၂၂   ဇွန် 

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကန့်ဘလူခရိုင်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲအား ၂၀၁၉ ခုနှစ် ယနေ့နံနက် ၁၀ နာရီခွဲတွင် ကန့်ဘလူခရိုင်စုပေါင်းရုံး၊ ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။

 

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်အောင် (စစ်ကိုင်းတိုင်း ဒေသကြီးတာဝန်ခံ) တက်ရောက်ပြီး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့် အတွင်းရေးမှူးများ၊ ဌာနဆိုင်ရာများမှ စုစုပေါင်းအင်အား (၅၁)ဦး တက်ရောက်သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်အောင်က ရှင်းလင်း ပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများကို လွတ်လပ်ရမည်။ တရားမျှတရမည်။ ပွင့်လင်းမြင်သာမှုရှိရမည်။ အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်ရမည်။ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ်တစ်ထပ်တည်းဖြစ်ရမည်ဟူသော စံ ၅ ချက်နှင့်အညီ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်း ပြုစုသည့် နှစ်အဖြစ် သတ်မှတ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင် စာရင်းပါဝင်စေရေးနှင့် တိကျမှန်ကန်သောမဲစာရင်းရရှိစေရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်လျှက်ရှိပါကြောင်း ပြောကြားသည်။

 

ဆက်လက်ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ညွန့်က ကန့်ဘလူခရိုင်အတွင်းရှိ ရွေးကောက်ပွဲအကြိုကာလလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲ အရာရှိ ဦးအောင်မျိုးလွင်က လူဦးရေစာရင်းအချက်အလက်များကောက်ယူပြုစုခြင်း လုပ်ငန်းစီမံချက်အား အကျဉ်းချုပ် ရှင်းလင်းဆွေးနွေးသည်။

 

အခမ်းအနားတွင် တက်ရောက်လာသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အကြံပြု ဆွေးနွေးချက်များနှင့် သိရှိလိုသည်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်အောင်က ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)