နေပြည်တော် ၉ ဇူလိုင်

 

    
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကရင်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ စုပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 


    
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည် (ကရင်ပြည်နယ်တာဝန်ခံ) တက်ရောက်ပြီး ပြည်နယ်/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ၊ နိုင်ငံရေးပါတီ(၁၂)ပါတီမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆောင်ရွက်နေသော အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ အမျိုးသမီးကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်သည်။


    
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမည်ဆိုသည့် စံ ၅ ချက်နှင့်အညီ ကျင်းပသွားမည်ဖြစ်ပြီး  အချိန်ဇယားများ ရေးဆွဲချမှတ်၍ လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းကို ၂၀၁၉ ခုနှစ် ဇွန်လမှစတင်၍ ဆောင်ရွက်နေပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ရေးနှင့် မှန်ကန်တိကျသော မဲဆန္ဒရှင်စာရင်းများရရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်နေပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တို့ပူးပေါင်း၍ လူဦးရေစာရင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်ကို ရေးဆွဲပြီး အပိုင်း (၄) ပိုင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

 

ပြည်နယ်၊ ခရိုင်အဆင့်လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်နှင့်ရပ်ကွက် ကျေးရွာအုပ်စု လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အဓိကတာဝန် ယူဆောင်ရွက်သွားမည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်စာရင်းပြုစုခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်၍ ပထမဆုံးအကြိမ်မဲပေးမည့်  နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများ၊ စစ်ဘေးရှောင်များ၊ ရွှေ့ပြောင်းလုပ်သားများကို ထည့်သွင်းပြုစုသွားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့် လူဦးရေစာရင်း ကောက်ယူသည့်အဖွဲ့များ လာရောက်ကောက်ယူရာတွင် အချက်အလက်များ မှန်ကန်စေရန် ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အနေဖြင့်လည်း မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီပေးစေလိုပါကြောင်း ပြောကြားသည်။


    
ထို့နောက်   ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမန်းကျော်ဝင်းမောင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) ပါ ရည်မှန်းချက်ပန်းတိုင်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမောင်မောင်နိုင်က လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်နှင့် အခြေခံ မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်ကို ရှင်းလင်းဆွေးနွေးသည်။


    
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၏ မေးမြန်းချက်များနှင့် အကြံပြုဆွေးနွေးချက်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည်မှ ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်