လွိုင်ကော် ၂ ဇူလိုင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကယားပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် (ကယား ပြည်နယ်တာဝန်ခံ) တက်ရောက်ခဲ့ပြီး ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်း နိုင်ငံရေးပါတီရုံး ဖွင့်လှစ်ထားသော နိုင်ငံရေးပါတီ (၁၃)ပါတီမှ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲဆိုင်ရာ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသော လူမှုအဖွဲ့အစည်းများ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ စုစုပေါင်းအင်အား ၅၀ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများကို လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်ရမည်၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ်တစ်ထပ်တည်းဖြစ်ရမည်ဟူသော စံ( ၅ )ရပ်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မဟာဗျူဟာစီမံကိန်း ( ၂၀၁၉ - ၂၀၂၂ )ပါအခန်းကဏ္ဍများအတိုင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စစ်မှန်ခိုင်မာသော ပါတီစုံဒီမိုကရေစီတည်ဆောက်နိုင်ရန်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပိုမိုအောင်မြင်စေရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ အရပ်ဘက်လူမှု အဖွဲ့အစည်းများ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သည့် နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း ရေးဆွဲထားသည့် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်ဆောင် ရွက်နေပြီဖြစ်ပါကြောင်း၊ လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အဓိက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက စိစစ်ပေးမည်ဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် မှန်ကန်တိကျသည့် မဲဆန္ဒရှင်စာရင်း ရရှိရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းကူညီဆောင်ရွက်မှု သည် အဓိကအခန်းကဏ္ဍမှပါဝင်ကြောင်း၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေ ဖြင့်လည်း မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးစေလို ကြောင်း ပြောကြားပါသည်။
၎င်းနောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းစိုးမှ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂)နှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး ဆောင်ရွက် ထားရှိမှုများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေးချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် ပြည်နယ်ရွေးကောက်ပွဲ အရာရှိတို့မှ ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


