နေပြည်တော် ဇန်နဝါရီ ၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သတ်မှတ်ခွင့်ပြုပေးခဲ့
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ အပိုင်း(၂) နှင့် အပိုင်း (၃) တို့ကို ဆက်လက်ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ် စည်းရုံးခြင်းများ ဆောင်ရွက်နိုင်ရန် ရက်ပေါင်း ၆၀ သတ်မှတ်ခွင့်ပြု ပေးခဲ့ပြီး ရွေးကောက်ပွဲအပိုင်း (၁) ပြီးနောက် အပိုင်း(၂)နှင့် အပိုင်း (၃) အတွက် မဲဆွယ်စည်းရုံးခြင်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး နေ့ရက်များ သတ်မှတ်ခွင့်ပြုပေး ခဲ့ပါကြောင်း။
မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာတွင် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ဥပဒေ၊ စည်းကမ်းများနှင့်အညီ စနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုကြောင်း၊ ပြိုင်ဘက်ပါတီများ၊ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများကို စော်ကားပုတ်ခတ်၍ ပြောဆိုစည်းရုံးခြင်းသည် ရာဇဝတ်ကြောင်းအရ ပြစ်မှုမြောက်နိုင်သကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုလည်း မြောက်နိုင်ပါကြောင်း၊ တစ်ဖက်ပါတီကို နှိမ့်ချပုတ်ခတ်ပြောဆို စည်းရုံး ခြင်းသည် ကျင့်ဝတ်သိက္ခာမဲ့သည့် လုပ်ဆောင်ချက်အဖြစ် မှတ်ယူရမည်ဖြစ်ပြီး ရွေးကောက်ပွဲနှင့်ပါတီ၏ ပုံရိပ်ကိုလည်း ထိခိုက်စေမည် ဖြစ်ပါကြောင်း။
ရွေးကောက်ပွဲ အပိုင်း(၁)မှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် အမည် စာရင်းများကို ထုတ်ပြန်ကြေညာ လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်နှင့် စပ်လျဉ်း၍ တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးထားပြီးဖြစ်ရာ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ ကုန်ကျစရိတ် စာရင်းများကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၀၂ ပါအတိုင်း သတ်မှတ်ရက်အတွင်း အချိန်မီတင်သွင်းကြရန် မှာကြားလိုကြောင်း၊ တင်သွင်းရန်ပျက်ကွက်ပါက အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာခံရမည်ကို သတိချပ်စေလိုပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေး မဲစာရင်းကို သုံးကြိမ်တိုင်ကပ်ထား ကြေညာပေးခဲ့ပြီး မဲစာရင်းတွင် မပါဝင်ပါက တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။
ကြိုတင်မဲပေးခြင်းနှင့် စပ်လျဉ်း၍လည်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်အသေးစိတ်ကို ရှင်းလင်းပြောကြားခဲ့ပြီး ၂-၁-၂၀၂၆ ရက်စွဲဖြင့်လည်း အသိပေး ထုတ်ပြန်ကြေညာပြီး ဖြစ်ပါကြောင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရေတွက်ခြင်း၊ ဆန္ဒမဲစာရင်းများ ပြုစုခြင်း၊ ကပ်ထားကြေညာခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများ၊ အများပြည်သူတို့အား ဖိတ်ကြား၍ ပွင့်လင်းမြင်သာစွာဖြင့် တိကျမှန်ကန်စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရရှိသည့်ဆန္ဒမဲစာရင်းများကို အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားပြီး ဖြစ်ပါကြောင်း။
ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်ကြောင်း အသိအမှတ်ပြု မှတ်ကျောက်တင်ရန် အတွက် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ နိုင်ငံတကာနှင့် ပြည်တွင်းသတင်း မီဒီယာအဖွဲ့အစည်းများမှ သတင်း မီဒီယာသမားများ စုစုပေါင်း ၁၅၄၄ ဦးခန့် စောင့်ကြည့်လေ့လာ သတင်းရယူခွင့် ပြုခဲ့ပါကြောင်း၊ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများက မဲဆန္ဒရှင်ပြည်သူများ၏ စိတ်ပါဝင်စားမှု၊ အားတက်သရော လာရောက် မဲပေးခဲ့မှုများကို မြင်တွေ့ခဲ့ကြသည့် အတွက် အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ကြောင်းနှင့် ထောက်ခံအားပေး အသိအမှတ်ပြု မှတ်ချက်စကားများ ပြောကြားခဲ့ပါကြောင်း၊ အခက်အခဲ အမျိုးမျိုးကြားမှ လာရောက်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း နှင့်အညီ မှန်မှန်ကန်ကန်၊ ပွင့်လင်း မြင်သာမှုရှိစွာဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ အဖြစ် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲမှတစ်ဆင့် ဂုဏ်သိက္ခာရှိသော လွှတ်တော်အသီးသီး ဖွဲ့စည်းနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေးပါတီဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်စကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၄၇ ပါတီမှဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


