နေပြည်တော် ၂၄ ဇူလိုင် 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို  ယနေ့ နံနက် ၁၀ နာရီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။ 

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးဝင်း (ရခိုင်ပြည်နယ်တာဝန်ခံ)   တက်ရောက်ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ၊ နိုင်ငံရေးပါတီ ၁၁ ပါတီမှ တာဝန်ရှိသူများ၊  အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မသန်စွမ်းသူများအရေးဆောင်ရွက်နေသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာအဖွဲ့မှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးဝင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများကို လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲ ဖြစ်ရမည်၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမည်ဆိုသည့် စံ ၅ ချက်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်းပြုစုသည့်နှစ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင် စာရင်းတွင် ပါဝင်စေရေးနှင့် မှန်ကန်တိကျသော မဲဆန္ဒရှင်စာရင်းများရရှိစေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲထားသည့် လူဦးရေစာရင်း အချက်အလက်များကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အဆိုပါ စီမံချက် အပိုင်း (၁) တွင် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် စိစစ်ခြင်း၊ အပိုင်း (၂) တွင် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ အပိုင်း(၃) တွင် ပြောင်းလဲနေသော လူဦးရေစာရင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းများကို လစဉ်ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် အပိုင်း(၄)တွင် အခြေခံ မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာခြင်း ဟူ၍ အပိုင်းလေးပိုင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အဓိကတာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက စိစစ်ပေးမည်ဖြစ်ကြောင်း၊ ကောက်ယူရရှိသည့် စာရင်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက မဲဆန္ဒရှင်စာရင်းအဖြစ် စိစစ်ပြုစုသွားမည် ဖြစ်ပါကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မှန်ကန်တိကျသည့် မဲဆန္ဒရှင်စာရင်း ရရှိရေးအတွက် လူဦးရေစာရင်းနှင့် အချက်အလက်များ မှန်ကန်ပြည့်စုံစွာရရှိရေးမှာ လွန်စွာအရေးကြီးပါကြောင်း၊ လူဦးရေစာရင်းကောက်ယူသည့်အဖွဲ့များ လာရောက်ချိန်တွင် အချက်အလက်များ မှန်ကန်စေရေး မဲဆန္ဒရှင်ပြည်သူလူထု ပူးပေါင်းကူညီဆောင်ရွက်စေရန်အတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများအနေဖြင့် မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းများကို တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။ 

ယင်းနောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉ - ၂၀၂၂) ကို  ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ မေးမြန်းချက်များနှင့် အကြံပြုဆွေးနွေးချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်