နေပြည်တော်  ၂၄ ဇူလိုင် 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကျိုင်းတုံမြို့၊ တိုင်းလိယဉ်ကျေးမှုခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်၊ ဦးသန်းဌေးနှင့် ဦးဆွေတင့်လွင်(ရှမ်းပြည်နယ်တာဝန်ခံများ)၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ၊ နိုင်ငံရေးပါတီ (၁၂)ခုမှ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သော အရပ်ဘက်လူမှုအဖွဲ့အစည်း (၃)ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဆွေတင့်လွင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲများကို လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်ရမည်၊ ပြည်သူ့ ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမည်ဆိုသည့် စံ (၅) ချက်နှင့်အညီ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၉ခုနှစ်ကို အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ပထမအဆင့်အနေဖြင့် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအတွင်း အမှန်တကယ်နေထိုင်သော လူဦးရေစာရင်းများ ကောက်ယူ/ ပြုစု/ စိစစ်လျက်ရှိပါကြောင်း၊ အဆိုပါ လူဦးရေစာရင်းကို အခြေခံ၍မဲဆန္ဒရှင်စာရင်းအဖြစ်သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ပြုစုသွားမည်ဖြစ်ပါကြောင်း၊ လူဦးရေစာရင်းမှန်ကန်စေရေးသည် အထူးအရေးကြီးသဖြင့် စာရင်းကောက်ယူရာတွင် ပြည်သူလူထု၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှလည်း လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်မှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးဇော်မြင့်ဝင်းမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လူဦးရေစာရင်း ကောက်ယူ/ ပြုစု/ စိစစ်ခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သော အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက်များနှင့် မေးမြန်းချက်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်၊ ဦးသန်းဌေး၊ ဦးဆွေတင့်လွင်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်