နေပြည်တော် ၁၁ ဇူလိုင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်၊ ဦးသန်းဌေး၊ ဦးဆွေတင့်လွင် (ရှမ်းပြည်နယ်တာဝန်ခံများ)၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲ အရာရှိများ၊ နိုင်ငံရေးပါတီ (၂၃)ပါတီမှ တာဝန်ရှိသူများ၊ ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ် အင်စတီကျူ့ (Danish Institute for Parties and Democracy-DIPD) မှ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် ဒေါ်ခင်သဇင်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲများကို လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်ရမည်၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမည်ဆိုသည့် စံ(၅)ချက်နှင့်အညီ ကျင်းပလျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်ကို အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်း၊ အခြေခံမဲဆန္ဒရှင် စာရင်းရရှိရန် ပထမအဆင့်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ အမှန်တကယ်နေထိုင်လျက်ရှိသော လူဦးရေစာရင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကောက်ယူပြုစုလျက်ရှိပြီး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အခြေခံမဲဆန္ဒရှင်စာရင်းအဖြစ် ပြုစုသွားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် ပြည်သူလူထုနှင့် သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း။
ယနေ့ပြုလုပ်သည့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးသည် မြန်မာနိုင်ငံ အခြေစိုက်ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျူ့၏ ပူးပေါင်းမှုဖြင့် ပြုလုပ်ပေးသော တွေ့ဆုံဆွေးနွေးပွဲဖြစ်ပြီး DIPD သည် ဒိန်းမတ်နိုင်ငံလွှတ်တော်မှ ဥပဒေပြဋ္ဌာန်းအတည်ပြုကာ ဒိန်းမတ်နိုင်ငံရေးပါတီများ ပါဝင်မှုဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာအဖွဲ့အစည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်၍ နိုင်ငံရေးပါတီစကားဝိုင်းများ ကျင်းပပေးခြင်းဖြင့် နိုင်ငံရေးပါတီများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းကို ဆောင်ရွက်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တစ်ထောင့်တစ်နေရာမှ အကူအညီပေးလျက်ရှိသော အဖွဲ့အစည်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် စကားဝိုင်း (၅) ဝိုင်းခွဲ၍ ဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေးချက်များနှင့် မေးမြန်းချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်၊ ဦးသန်းဌေးနှင့် ဦးဆွေတင့်လွင်တို့မှ ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


