နေပြည်တော်  ဇန်နဝါရီ  ၁၀  

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်  ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် အမှုထမ်း (ဒုတိယဦးစီးမှူး) များ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်( ၁ / ၂၀၂၂ )  ဖွင့်ပွဲကို ယနေ့နံနက် ၉  နာရီခွဲတွင် အမှတ် ( ၃ ) စစ်ကြောရေးနှင့် တည်းခိုရေးတပ် ( ရွာတော် )၊ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည်  ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပပေးရသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ ကော်မရှင်တွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ဗဟုသုတနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊ သက်ဆိုင်ရာရုံးလုပ်ငန်းများကို သိရှိနားလည် ကျွမ်းကျင်နေကြရန် လိုအပ်ကြောင်း။

ကော်မရှင်၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် တာဝန်တစ်ခုချင်းအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို မဖြစ်မနေသိရှိထားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းတစ်ဦးအနေဖြင့် ပြဋ္ဌာန်းထားသည့် ဝန်ထမ်းကျင့်ဝတ်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေများနှင့်အညီ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်လိုကြောင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်း လက်စွဲနှင့်အညီ စနစ်တကျ  ဆောင်ရွက်ရန်နှင့် အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် လိုကြောင်း။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်ပြီး၊ တရားမျှတသည့် ရွေးကောက်ပွဲများဖြစ်ရန် လိုအပ်သည့်အားလျော်စွာ ဝန်ထမ်းများအနေဖြင့်လည်း ဝင်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီများအပေါ် ဘက်လိုက်မှုကင်းပြီး တရားမျှတမှုရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် ပို၍လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေကို သေချာဖတ်ရှု လေ့လာပြီး နိုင်ငံ့ဝန်ထမ်းတစ်ယောက်အနေနှင့်သာမက နိုင်ငံသားတစ်ယောက်အနေနှင့်ပါ လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေသကဲ့သို့ ရွေးကောက်ပွဲ ကျင်းပပေးရေးတာဝန်ကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊

လာမည့်ရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရ (FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (PR) သို့ ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ PR စနစ်အတွက် ကိုက်ညီမည့်ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ လက်စွဲများ ပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း။

လာမည့်ရွေးကောက်ပွဲကိုကျင်းပရာတွင် ကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် တစ်နည်းအားဖြင့် ဘက်လိုက်မှုမရှိသည့် သန့်ရှင်းသော ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဘက်လိုက်မှုကင်းရန် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တိုင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုကြောင်း၊ သို့ဖြစ်၍ ဥပဒေ၊ နည်းဥပဒေများကို မဖြစ်မနေ သိရှိကျွမ်းကျင်နေအောင် လေ့လာထားကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သင်တန်းကို ဇန်နဝါရီ ၁၀ ရက်မှ ၂၁ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

mdn