နေပြည်တော် ၂၈ မေ
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် The World Bank မှ Senior Land Administration Specialist and Task Team Leader ဖြစ်သူ Mr. Paul Prettitore နှင့် အဖွဲ့အားယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြေယာကဏ္ဍနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများနှင့် ကျင့်သုံးဆောင်ရွက်နေမှု၊ ကဏ္ဍအားလုံးနှင့် အကျုံးဝင်မည့်အမျိုးသား မြေယာဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးနှင့် သိမ်းဆည်းခဲ့သည့် စွန့်လွှတ်မြေများကို သက်ဆိုင်သူများထံ ပြန်လည်လွှဲအပ်ရေး အဆင့်ဆင့်ဆောင်ရွက်နေမှု၊ မြေကျူးကျော်မှုများနှင့် မြေယာအငြင်းပွားမှုများကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နေမှု၊ မြေယာကဏ္ဍနှင့် စပ်လျဉ်းသည့် ဥပဒေများ တိုးတက်ကောင်းမွန်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်