နေပြည်တော် ၁၆ မေ
ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ ဥပဒေအရာရှိများ၊ ခရိုင် ဥပဒေအရာရှိများ၏ ဆဌမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဥပဒေသတင်းအချက်အလက်များကို အားလုံး လက်လှမ်းမီရေးအတွက် မြန်မာဥပဒေသတင်း အချက်အလက်စနစ် ထူထောင်နိုင်ခဲ့ပါကြောင်း၊ ရှေ့ပြေးဥပဒေရုံးများတည်ထောင်၍အမှုများ ကြန့်ကြာမှုမရှိစေရေးအတွက် မှုခင်းစီမံခန့်ခွဲမှုစနစ်ကိုကျင့်သုံးနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံး များအနေဖြင့် သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများက ရေးဆွဲသည့်ဥပဒေ ကြမ်းများကို စိစစ်ရာ တွင်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ညီညွတ်စေရေးအတွက် အလေးထားဆောင်ရွက်ရန်လိုကြောင်း။
ဥပဒေအရာရှိများအနေဖြင့် တည်ဆဲဥပဒေများ၊ ပြင်ဆင်ပြဋ္ဌာန်းသည့်ဥပဒေများကို နှံ့နှံ့ စပ်စပ် လေ့လာကြရန်နှင့် ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေကို ဥပဒေအရာရှိလက်စွဲသဖွယ် လိုက်နာကြရန်လိုအပ်ကြောင်း၊ မူလမှုများလိုက်ပါ ဆောင်ရွက်ရာတွင်လည်းကောင်း၊ အယူခံမှု၊ ပြင်ဆင်မှုများ တင်သွင်းရာတွင်လည်းကောင်း အချက်အလက်များ ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရေး အတွက် ဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ပြည်ထောင်စုရှေ့နေချုပ်ရုံးတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU)ကို ဖွဲ့စည်းထားပြီး အဂတိ လိုက်စားမှုဖြစ်နိုင်ချေရှိသည့် အခြေအနေများကိုတားဆီး ကာကွယ်ခြင်း၊ တင်ပြတိုင်ကြားမှုများ စိစစ်အရေးယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အများပြည်သူကို ဥပဒေဖြင့် ကာကွယ်စောင့်ရှောက်နိုင်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်စေရေးအတွက် ဥပဒေအရာရှ ိကောင်းများ၊ ဝန်ထမ်းကောင်းများဖြစ်ရန် အစဉ်ကြိုးပမ်းကြရမည် ဖြစ်ကြောင်းမှာကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဥပဒေချုပ်များ၊ အမြဲတမ်း အတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)