ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ကြေညာချက်အမှတ်၊ (၃/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက်

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်)

 

၁။      ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ COVID-19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ၏ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးသည့်အနေဖြင့် နိုင်ငံတော်မှ ဖြေလျှော့ပေးထားသည့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အခွန်အခများနှင့် ငွေကြေးထောက်ပံ့မှုများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။   

 

၂။       CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန် နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့နှင့်စပ်လျဉ်း၍ -

 

(က)    ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးမည့် ဒုတိယသုံးလပတ်အတွက်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် ကုန်ဆုံးမည့် တတိယသုံးလပတ်အတွက်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးမည့် စတုတ္ထသုံးလပတ်အတွက် လည်းကောင်း၊ သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်များကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ လ (၃၁) ရက်နေ့အထိ ပေးဆောင်နိုင်ပါသည်။

 

(ခ)     ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးမည့်လ အတွက်မှစတင်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးမည့်လအတွက်အထိ လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ပေးဆောင်နိုင်ပါသည်။