ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဉ် (၈/၂၀၂၃) ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ အောက်တိုဘာ ၁၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများ မှန်မှန်ကန်ကန် လည်ပတ်နိုင်ရေးနှင့် မြေနေရာများကို အကျိုးရှိရှိ အသုံးချနိုင်ရေး စီမံဆောင်ရွက်ရန်လို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာနများနှင့်ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဈေးကွက်စီးပွားရေး စနစ်ဖြင့် ဆောင်ရွက်ချိန်တွင် ဝန်ကြီးဌာနများရှိ အချို့လုပ်ငန်းများ ဖျက်သိမ်းခြင်းများ ရှိသကဲ့သို့ အချို့လုပ်ငန်းများကို ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့်များပေးခြင်းနှင့် ဖက်စပ်ဆောင်ရွက်ခဲ့ခြင်းများ ရှိကြောင်း၊ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဝန်ကြီးဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းအချို့ကို ရပ်တန့်ခဲ့သဖြင့် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် လည်ပတ်သင့်သည့် စက်ရုံများနှင့် လုပ်ငန်းများကိုပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူဝန်ကြီး ဌာနများ၌ လုပ်ငန်းလည်ပတ်မှုမရှိဘဲ ရပ်တန့်နေရသည့် လုပ်ငန်းရပ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းဆောင်ရွက်ရန် အကြောင်းအမျိုးမျိုးဖြင့် မြေနေရာများ ရယူထားရှိပြီး လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိသည်များ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ့အကျိုးအတွက် ကြည့်မည်ဆိုပါက ၎င်းမြေနေရာများ၊ စက်ရုံ၊ အလုပ်ရုံများ လည်ပတ်နိုင်မည့်၊ ကုန်ထုတ်လုပ်မှု ဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းများက လုပ်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံအတွက်လို အပ်သည့် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အစိုးရပိုင်းဆိုင်ရာနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာများ စသည်ဖြင့် အပိုင်းလိုက် ဆောင်ရွက်ရန်လိုကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် ချမှတ်ထားသည့် မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လွှဲပြောင်းပေးရာတွင်လည်း အမှန်တကယ် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူများကိုသာ ဆောင်ရွက်ခွင့်ပေးရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အထောက်အကူ ပြုသည့် လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကိုအောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း။
နိုင်ငံတော်ဘက်ဂျက်များကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရေးနှင့် သတ်မှတ်ကာလများအတွင်း လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လို
မိမိတို့အနေဖြင့် နှစ်စဉ် ဘက်ဂျက်ငွေများကို ချထားပေးလျက်ရှိပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ ဝန်ကြီးချုပ်များအနေဖြင့်လည်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှန်တကယ် အကျိုးဖြစ်ထွန်းစေနိုင်မည့် လုပ်ငန်းများအတွက် အမှန်တကယ် လိုအပ်မည့် ငွေကြေးတောင်းခံမှုများကိုသာ ဖြစ်စေရန်လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားကဏ္ဍများစွာတွင် သုံးစွဲရမည့်ငွေကြေးပမာဏ များစွာရှိနေသည်ဖြစ်သည့်အတွက် စနစ်တကျတွက်ချက် တောင်းခံသွားစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော် ဘက်ဂျက်များကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရေး သတ်မှတ်ကာလများအတွင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းကောင်းမှသာ ပြည်တွင်းစားသုံးမှုကို ဖူလုံမည်ဖြစ်ပြီး ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်
မိုးသီးနှံစိုက်ပျိုးမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်သည့် နိုင်ငံဖြစ်ကြောင်း၊ မိုးသီးနှံများကို ပြည့်ဝစွာစိုက်ပျိုးနိုင်ရေး မိမိအနေဖြင့် တိုက်တွန်းဆောင်ရွက်ခဲ့ကြောင်း၊ စိုက်ပျိုးထားသည့် စိုက်ပျိုးမြေများ၌ ရာနှုန်းပြည့် အောင်မြင် ဖြစ်ထွန်းစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ အထွက်နှုန်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် နွေစပါးထွက်ရှိမှုနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအနေဖြင့် ပျမ်းမျှ ၉၆ ဒသမ ၂၄ တင်းထွက်ရှိခဲ့ကြောင်း၊ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မိုးသီးနှံများစိုက်ပျိုးရာတွင် ရာနှုန်းပြည့် အောင်မြင်ရေးနှင့် အထွက်နှုန်းများကောင်းမွန်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်း ကောင်းမှသာ ပြည်တွင်းစားသုံးမှု ဖူလုံမည်ဖြစ်ပြီး ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်ဝန်ကြီးဌာနများအားလုံးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။
ထို့နောက် စီးပွားရေးရာကော်မတီအတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှုများ မွေးမြူရေးထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိမှုနှင့် ယခုထက်ပိုမိုတင်ပို့နိုင်ရေး နိုင်ငံတကာနှင့် ဆွေးနွေးဆောင်ရွက်လျက ရှိမှုများနှင့် ပတ်သက်၍လည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်ရုံအလုပ်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်ရေးနှင့် စည်းကမ်း စနစ်တကျဖြစ်စေရေးတို့နှင့် ပတ်သက်၍လည်းကောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သီတာဦးက စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းများ ဆောင်ရွက်ရာတွင် ဥပဒေပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး သဘောထား မှတ်ချက်များ တောင်းခံမှုများနှင့် ပတ်သက်၍လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိမှုနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား ဆွေးနွေးသည်။
ထို့နောက် စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာနများအလိုက် ဥပဒေအကြံပေးများ ခန့်အပ်ထားရှိခြင်းသည် ဥပဒေပိုင်းဆိုင်ရာများတွင် မှန်မှန်ကန်ကန်နှင့် နည်းလမ်းတကျ ဖြစ်စေလို၍ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေပိုင်းဆိုင်ရာ အကြံပေးချက်များကို အကျိုးရှိရှိ အသုံးပြုရန်လိုကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ခွင့်ပြုပေးထားသည့် ဘတ်ဂျက်ငွေများကို အကျိုးရှိရှိဖြင့် အသုံးချသွားရန်လိုကြောင်း၊ ထို့ကြောင့် ဘတ်ဂျက်ငွေ ကြိုတင်စိစစ်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်း၍ ထိထိရောက်ရောက် စိစစ်ဆောင်ရွက်သင့်သည်ဟု မြင်ပါကြောင်း၊ လုပ်ငန်းများ အောင်မြင်စေရေးအတွက် အမှန်တကယ် လုပ်ငန်းဆောင်ရွက်ရန်လိုပြီး လုပ်ဆောင်နိုင်သည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည် ဆိုပါက တိုင်းပြည်၏ GDP သည်လည်း များစွာပြောင်းလဲသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်