နေပြည်တော် နိုဝင်ဘာ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)တို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်သင်တန်း တက်ရောက် ကြမည့် သင်တန်းသား၊ သင်တန်းသူ များအား စိစစ်အတည်ပြု ရွေးချယ်ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဘွဲ့နှင်းသဘင်ခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ပထမနှစ်သင်တန်း တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကား ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများထားရှိမည့် အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ စားရိပ်သာများနှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ အာဟာရပြည့်စုံစွာ စားသုံးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) တို့သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများကို ရွေးချယ်ရာတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၅ ကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သတ်မှတ်အမှတ်ပြည့်မီသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများမှ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်နှင့်ကိုက်ညီသော တိုင်းရင်းသား၊ တိုင်းရင်းသူများကို လူတွေ့စစ်ဆေးအတည်ပြု ရွေးချယ်ခဲ့သည်။
ယခုပညာသင်နှစ်တွင် သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီက စိစစ်ရွေးချယ်ပေးသည့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ဝေးလံခေါင်းပါးသော နယ်စပ်ဒေသများမှ B.Ed ပညာရေးဘွဲ့ သင်တန်းအတွက် ၁၅၈ ဦး၊ ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI ဘွဲ့ဒီပလိုမာ သင်တန်းများအတွက် ၁၄၈ ဦးတို့ကို စိစစ်အတည်ပြုပြီးပါက B.Ed ပညာရေးဘွဲ့ ၅ နှစ်၊ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ ၄ နှစ်၊ AGTI ဒီပလိုမာ ၃ နှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးချိန်တွင် ဘွဲ့ဒီပလိုမာများ အပ်နှင်းပေးကာ B.Ed ဘွဲ့ရရှိသူများကို အထက်တန်းပြ ဆရာ၊ ဆရာမများအဖြစ် လည်းကောင်း၊ ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI ဘွဲ့ဒီပလိုမာရရှိသူများကို ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မိမိဒေသ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် MSME လုပ်ငန်းများနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများတွင် အကြီးတန်း စာရေးနှင့် အဆင့်တူရာထူးနေရာများတွင်လည်းကောင်း နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)