နေပြည်တော် မေ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)တို့တွင်၂၀၁၉-၂၀၂၀ ပညာ သင်နှစ်၊ ဒုတိယနှစ်ဝက်သင်တန်းများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်ဝက် သင်တန်းများဖွင့်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၊ ဒီဂရီကောလိပ်တို့ရှိ ဘွဲ့နှင်းသဘင် ခန်းမ အသီးသီး၌ ကျင်းပသည်။
အခမ်းအနား၌ သက်ဆိုင်ရာပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးတို့က အဖွင့်အမှာ စကားပြောကြားခဲ့ကြပြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးတို့က အမှာစကား ပြောကြားရာတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို ဦးစွာသိရှိရန် လိုအပ်ပါကြောင်း၊ အမိတက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ပညာသင်ယူစဉ် တတ်သင့်တတ်အပ်သော ပညာရပ် များကို ကြိုးစားသင်ယူသွားကြရန် လိုအပ်ကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့က ချမှတ်ထားသော စည်းကမ်းများကို လေးစားလိုက်နာပြီး နိုင်ငံတော်မှ အားထားရသည့် ဆရာ၊ ဆရာမ ကောင်းများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြရန်လိုအပ်ကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာရေး အတွက် မိမိကအစ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိပြီး ကျန်းမာရေး လိုက်စားဖို့ လိုအပ်ကြောင်း၊ ပြင်ပအဖျက်အမှောင့် ပယောဂများကို နားမယောင်ပဲ မိမိတို့ ရည်မှန်းချက် ပေါက်မြောက်အောင် အပတ်တကုတ် ကြိုးစားကြရန်လိုအပ်ကြောင်း ပြောကြားပြီး သက်ဆိုင်ရာ ဌာနမှူးများက သင်ကြားရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား အဝတ်အစားများနှင့် စာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားများသို့ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၁၀၆၇ ဦး၊ ဒီဂရီကောလိပ် (ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူ ၈၅၅ ဦး၊ ဒီဂရီ ကောလိပ် (စစ်ကိုင်း)မှ ကျောင်းသား၊ ကျောင်းသူ ၈၄၄ ဦး အသီးသီး တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)