ရန်ကုန် ၊ ဇွန် ၁၃

 

ရန်ကုန်မြို့ သာကေတမြို့နယ် သံလျင်တံတားအနီးရှိ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာတွင် နေ့စဉ်အပန်း ဖြေခရီးသွားများဖြင့် စည်ကားလျက်ရှိပြီး တိုင်းရင်းသားကျေးရွာ ဆိပ်ခံဗောတံတား တည်ဆောက်ပြီးစီးပါက ရေလမ်းကြောင်းမှပါ ဝင်ရောက် လာနိုင်မည်ဖြစ်၍ ယခုထက် အပန်းဖြေခရီးသွား ပိုမိုဝင်ရောက်လာ မည်ဖြစ်ကြောင်း သိရသည်။

 

ပဲခူးမြစ်ဘေးတွင်ရှိသော ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာတွင် ရေလမ်းကြောင်းမှ ဝင်ရောက်နိုင်သော ဆိပ်ခံဗောတံတား တည်ဆောက်ပြီးစီးပါက ပန်းဆိုးတန်းဆိပ်ကမ်းမှ ပြေးဆွဲနေသော Star city ခရီးသည်တင်သင်္ဘောဖြင့် ပြည်တွင်းခရီးသွားများ ဝင်ရောက် နိုင်သည့်အပြင် ပြည်ပခရီးသွားများလည်း အပန်းဖြေသင်္ဘောများဖြင့် ဝင်ရောက်နိုင်မည် ဖြစ်သည်။

 

ဆိပ်ခံဗောတံတားအား ပဲခူးမြစ်ဘက်အခြမ်း၊ MV-705 သင်္ဘောပြခန်းအနီးတွင် တည်ဆောက်သွားမည်ဖြစ်ပြီး တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိကာ ဆိပ်ခံဗောတံတားကို ယခုနှစ်အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“ဆိပ်ခံဗောတံတား တည်ဆောက်ပြီးသွားရင် ဟိုတယ်နဲ့ ခရီးသွားကို ချိတ်ဆက်ပြီး နိုင်ငံခြား ခရီးသွားပို့ဆောင်ရေးဂိတ်ကို တိုးချဲ့သွားမယ့်အပြင် ပြည်တွင်းခရီးသွားအတွက် ပန်းဆိုးတန်း ဆိပ်ကမ်းက ပြေးဆွဲနေတဲ့ Star city ခရီးသွား သင်္ဘောဆိုက်ကပ်နိုင်အောင် ဆောင်ရွက်ဖို့ရှိပါတယ်။ အများပြည်သူ စိတ်အေးချမ်းသာစွာ အပန်းဖြေ အနားယူနိုင်အောင် ဝန်ထမ်းများကလည်း ကျန်းမာရေး ကာကွယ်မှုကအစ ဆောင်ရွက်ပေးထားပါတယ်။ လူတစ်ဦးကိုကျပ်ငါးရာနဲ့ အပန်းဖြေနိုင်တာကြောင့် တစ်နေတာ အပန်းဖြေမှုကို အပြည့်အဝ ခံစားနိုင်မှာဖြစ်တဲ့အတွက် လာရောက် အပန်းဖြေနိုင်ကြောင်းလည်း ဖိတ်ခေါ်လိုပါတယ်”ဟု ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) မှညွှန်ကြားရေးမှုး ဦးမျိုးဝင်းက ပြောသည်။

 

မိုးရာသီကာလတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ ရုံးဖွင့်ရက်၌ တစ်ရက်လျင် ခရီးသွားဦးရေ လေးရာမှငါးရာအထိ၊ ရုံးပိတ်ရက်တွင် ခရီးသွားနှစ်ထောင်ခန့်အထိ ဝင်ရောက်လျက်ရှိပြီး  နေ့စဉ်ပြည်ထောင်စုခန်းမ၌ တိုင်းရင်းသားများက ရိုးရာအဆို၊ အကဖြင့် ဖျော်ဖြေပေးလျက်ရှိသည်။  ဆိပ်ခံဗောတံတားပြီးစီး၍ နိုင်ငံခြားခရီးသွားများ ဝင်ရောက်လာပါက တိုင်းရင်းသား ရိုးရာအစားအစာများကို ကိုယ်တိုင် ချက်ပြုတ်စားသုံးနိုင်ရန် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ - ကနူး

ညိမ်းသူ ( သတင်းစဉ် )