နေပြည်တော် အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) သင်တန်းအမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီကောလိပ် ဘွဲ့နှင်း သဘင် ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန် သန့်ဇော်ထူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အလုပ်ခန့်အပ်လွှာပေးအပ်မည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃)တွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “ဒီဂရီကောလိပ်များမှ ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူ များအား မိမိဒေသအုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် MSME လုပ်ငန်းများတွင် ဦးဆောင် ပါဝင်ဆောင်ရွက်စေရန်”ဟု လမ်းညွှန်မှာကြားချက်အရ သင်တန်းဆင်း မောင်တို့၊ မယ်တို့ကို အဆိုပါ လမ်းညွှန်ချက် နှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနများတွင် တာဝန်ပေးခန့်အပ်သွားမည် ဖြစ်ပါကြောင်း၊ နယ်စပ် ဒေသများရှိ တိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ နယ်စပ်ဒေသများ၌ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)တို့ကို တည်ထောင်ဖွင့်လှစ် ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေး လျက်ရှိပါ ကြောင်း။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ကို စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၅၄၆ ဦး၊ သိပ္ပံဘွဲ့ ၁၂၉၂ ဦး၊ အင်ဂျင်နီယာ ဒီပလိုမာ ၉၅၉ ဦး စုစုပေါင်း တိုင်းရင်းသား လူငယ်၂၇၉၇ ဦး ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါကျောင်းဆင်း တိုင်းရင်းသားလူငယ် များမှာ ဝန်ကြီးဌာနအသီးသီးတွင် ကျရာကဏ္ဍမှ နိုင်ငံ့တာဝန်များ ထမ်းဆောင်နေကြပါကြောင်း၊ တစ်ဖက်က နိုင်ငံ့တာဝန်များကို ထမ်းဆောင်ရင်း နိုင်ငံတော်၏ ပညာရေးရည်မှန်းချက်ဖြစ်သည့် “အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်း ဖြစ်လာစေရန်” ဆိုသည့်အတိုင်း အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာ သင်ယူခဲ့ကြရာ ယနေ့အချိန်ထိ မဟာဝိဇ္ဇာဘွဲ့ ၇၁ ဦး၊ မဟာသိပ္ပံဘွဲ့ ၁၄၆ ဦး၊ Ph.D ဘွဲ့ ၁၅ ဦး၊ B.E ဘွဲ့ ၃၀၁ ဦး၊ M.E ဘွဲ့ ၁၅ ဦး၊ B.Tech ၄၅၂ ဦး ရရှိပြီးဖြစ်သည့်အတွက် များစွာအားရ ကျေနပ်ဖွယ်ဖြစ်ရပါကြောင်းနှင့် ယနေ့ သင်တန်းဆင်း မောင်တို့ မယ်တို့ အနေဖြင့်လည်း အားကျအတုယူကာ ဆက်လက်ကြိုးစားသွားကြမည်ဟု ယုံကြည်ပါကြောင်း။
အစဉ်ပြောင်းလဲနေသည့် ကမ္ဘာကြီးနှင့် ပညာရပ်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ရန်အတွက် မဖြစ်မနေ တတ်မြောက်ရမည့် အင်္ဂလိပ်စာ၊ ICT နည်းပညာနှင့် Social Media တို့ကိုလည်း မိမိကိုယ်တိုင်၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံကောင်းကျိုးရရှိစေရေးအတွက် အသိ၊ သတိဖြင့် အထူးဂရုပြု လေ့လာကြရန်နှင့် စနစ်တကျ အကျိုးရှိရှိ သုံးစွဲသွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကို မမေ့မလျော့ နှလုံးသွင်းပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးဆောင် လမ်းပြနိုင်မည့် ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် မိမိကိုယ်ကို အမြဲနှလုံးသွင်းကာ နေထိုင်ကျင့်ကြံပြီး နိုင်ငံတော်က အားကိုးအားထားပြုရသည့် သားကောင်း ၊ သမီးမွန်များ ဖြစ်လာအောင် ကြိုးစားသွားကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာတွဲထူးချွန်ဆုရ ကျောင်းသူ ၁ ဦးနှင့် သိပ္ပံ ဘာသာတွဲထူးချွန်ဆုရ ကျောင်းသား ၁ ဦးတို့ကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဝန်ကြီးဌာန ကိုယ်စားလှယ်များက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၁၆၂ ဦးတို့ကို အလုပ်ခန့်အပ်လွှာများပေးအပ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့သည် အခမ်းအနားသို့ တက်ရောက် လာကြသည့် ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ထူးချွန်ကျောင်းသားများနှင့် ၎င်းတို့၏ မိဘများကို တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ကျောင်းသား ၂ ဦးနှင့် ဒီဂရီကောလိပ် ဘက်စုံဖွံ့ဖြိုးရေးအတွက် ချီးမြှင့်ငွေများပေးအပ်ကာ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းဝန်းအတွင်းရှိ ဆောက်လုပ်ဆဲ ၄ ထပ် အင်ဂျင်နီယာ စာသင်ဆောင်၊ အဆင့်မြှင့်တင်လျက်ရှိသည့် ဘောလုံးကွင်းနှင့်ပွဲကြည့်စင်၊ တည်ဆောက်ရေးလုပ်ငန်းများ၊ စိမ်းလန်း စိုပြေသာယာလှပရေးနှင့် စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ် )မြောက်ပိုင်း) ရှိဗဟိုလေ့ကျင့်ရေး ကျောင်း သို့ ရောက်ရှိပြီး ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများကို တွေ့ဆုံအမှာစကားပြောကြား၍ ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်များ၊ ဆောက်လုပ်ဆဲ ၄ ထပ် အိပ်ဆောင်နှင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ယာဉ်၊ ယန္တရားကြီးများ ထိန်းသိမ်းထားရှိမှုနှင့် ကြံ့ခိုင်မှုများ၊ လူပျို၊ အပျိုဆောင်များ၊ ဝန်ထမ်းမိသားစု ဝင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ရာသီ သီးနှံစိုက်ခင်းများနှင့် ငါးမွေးမြူရေးကန်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)