နေပြည်တော် မေ ၂၀


ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံတရားရေး ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Alexander Konovalov ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် မေ ၁၄ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် “ (၉) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာဥပဒေဖိုရမ် ” (IXth St. Petersburg International Legal Forum) သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။ 


ပြည်ထောင်စု တရားသူကြီးချုပ်အား မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီး H.E. Mr. Nikolay Alistopadov နှင့်သံရုံးမှတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ 


အဆိုပါ ဥပဒေဖိုရမ်သို့ နိုင်ငံတကာမှ ဥပဒေပညာရှင်များ၊ ဥပဒေဖြင့် အသက်မွေး ဝမ်းကျောင်းပြုသူများနှင့် ဆက်စပ်လျက်ရှိသည့် နယ်ပယ်များမှဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူများတက်ရောက်၍ ယနေ့ဖြစ်ပေါ်လျက်ရှိသည့် ဥပဒေဆိုင်ရာ ပြဿ နာများ၊ ကိစ္စရပ်များကို မျက်နှာစုံညီဆွေး‌နွေးခြင်း၊ဟောပြောပို့ချခြင်းနှင့် စကားဝိုင်း ဆွေးနွေးပွဲများကို(၄)ရက်ကြာ အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။


ပြည်ထောင်စုတရားသူကြီးချုပ်သည် "(၉)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာဥပဒေဖိုရမ်" ကျင်းပသည့်ပထမနေ့ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာ သည့်ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ် H.E. Mr. Dmitry A. Medvedev က ဖိုရမ်တက်ရောက်လာသည့် နိုင်ငံများ၏ ကဏ္ဍအသီးသီးမှအကြီးအကဲများနှင့် သီးခြားတွေ့ဆုံ ပွဲသို့လည်းတက်ရောက်ခဲ့သည်။


ပြည်ထောင်စုတရားသူကြီးချုပ်သည် အဆိုပါ ဖိုရမ်သို့တက်ရောက်ရန် ရောက်ရှိနေစဉ်အတွင်း နယ်သာလန်နိုင်ငံရှိ The Hague Conference on Private International Law မှ အတွင်းရေးမှူးချုပ် Mr. Christophe Bemasconi နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

(သတင်းစဉ်) 
 

 

ိ္