နေပြည်တော် ၂၂ သြဂုတ်
ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေး အကယ်ဒမီတို့ အကြား လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံမှတရားသူကြီးများနှင့် တရားရေးအရာရှိများအား အိန္ဒိယနိုင်ငံသို့စေလွှတ်၍သင်တန်းပေးခြင်းနှင့်စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာအရအိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေးအကယ်ဒမီတွင် သြဂုတ် ၂၃ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ်မည့် ပထမအကြိမ်တရားစီရင်ရေးသင်တန်းသို့ တက်ရောက်ရန် တရားရုံးအဆင့်ဆင့်ရှိ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တရားသူကြီးများ၊ တရားရေးအရာရှိများစုစုပေါင်း(၄၀)ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားကြသည်။
ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တရားသူကြီးများ၊ တရားရေးအရာရှိများပါ၀င်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်အိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေးအကယ်ဒမီတွင် ပထမအကြိမ် ဖွင့်လှစ်မည့်သင်တန်း၌ တရားစီရင်ရေးဆိုင်ရာဘာသာရပ်များ၊ တရားမနှင့် ရာဇဝတ်ဥပဒေများ၊ လူ့အခွင့်အရေးဆိုင်ရာဥပဒေ၊ ဥပဒေရေးရာဆေးပညာနှင့်ဥပဒေသိပ္ပံပညာ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဥပဒေ၊ ပစ္စည်းဆိုင်ရာဥပဒေနှင့်ပဋိညာဉ်ဥပဒေ စသည်တို့ကို လေ့လာသင်ယူခွင့်ရရှိကြမည် ဖြစ်ပြီး သင်တန်းကာလမှာ (၅) ရက်ဖြစ်သည်။
အဆိုပါနားလည်မှုစာချွန်လွှာအရမြန်မာနိုင်ငံမှ တရားသူကြီးများနှင့် တရားရေးအရာရှိ စုစုပေါင်း (၄၀၀)ကို အိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေးအကယ်ဒမီသို့ (၅)နှစ်အတွင်း တစ်နှစ် လျှင် ဦးရေ(၈၀)ထိ၊ တစ်ကြိမ်လျှင်ဦးရေ(၄၀)ထိ၊ နှစ်ကြိမ်ခွဲ၍စေလွှတ်ပြီးသင်တန်းပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
(သတင်းစဉ်)


