ရန်ကုန် ဇွန် ၁၁

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ဇွန် ၅ ရက်မှ ၈ ရက် အထိ ကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (27th St. Petersburg International Economic Forum - SPIEF-2024) တက်ရောက်ပြီး ဇွန် ၁၀ ရက်တွင်  လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ကြသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်ကို ၁၉၉၇ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ၏ ကမကထပြုမှုဖြင့်ဆောင်ရွက်ကာ ဖိုရမ်ပြုလုပ်သည့် အခမ်းအနားတိုင်းတွင်လည်း သမ္မတကိုယ်တိုင်တက်ရောက်ချီးမြှင့် ဆွေးနွေးပြောကြားပြီး ရုရှားနိုင်ငံ လက်ရှိဆောင်ရွက်လျက်ရှိသော အဓိကစီးပွားရေးကဏ္ဍများ၊ အစဉ်အမြဲကြီးထွားလာသည့် ဈေးကွက်များနှင့်  မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေးအခြေအနေများကို နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းများအကြား ဆွေးနွေးဆက်သွယ် ဆောင်ရွက်နိုင်ရန်အတွက် ယခုဖိုရမ်သည် ကမ္ဘာလုံးဆိုင်ရာ ပလက်ဖောင်းတစ်ခုအဖြစ် ဦးဆောင်ကဏ္ဍမှ ပါဝင်လျက်ရှိသည်။

 

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာထမ်းများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းနှင့် ပုဂ္ဂလိကစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ ကိုယ်စားလှယ်များ ပါဝင်တက ရောက်ခဲ့ကြသည်။

 

ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၅ ရက် နံနက်ပိုင်းက ဥရောပအာရှ စီးပွားရေးကော်မရှင်၊ မေခရိုစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး Mr. Sergei Yurievich Glazyev နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် အီးအေအီးယူအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး၊ အီးအေအီးယူ၏ ဒေသတွင်း စီးပွားရေး ပေါင်းစည်းဆောင်ရွက်မှုများကို လေ့လာရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့အကြား လက်မှတ်ရေးထိုးပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအရ ပူးတွဲ လုပ်ငန်းအဖွဲ့ ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် ရုရှားသမ္မတ၏ အကြံပေး ရုရှား ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေဥက္ကဋ္ဌ Mr. Anton Kobyakov ခေါင်းဆောင်သော ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း သီခြားစီတွေ့ဆုံပြီး ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

 

ဇွန် ၆ ရက် မွန်းလွဲပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး Mr. Maksim Reshetnikov ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပခဲ့သည့် စတုတ္ထအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မရှင်အစည်းအဝေး၏ အစည်းအဝေးမှတ်တမ်းအရ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြန်မာ-ရုရှား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာလမ်းပြမြေပုံ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် Mr. Igor Levitin ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့် အခြားကဏ္ဍများတွင် အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရုရှား-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr. Ivan Viktorovich Polyakov တည်ခင်းဧည့်ခံသော အလုပ်သဘောညစာစားပွဲသို့ တက်ရောက်ပြီး ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

 

ဇွန် ၇ ရက်တွင် ရုရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Mr. Roman Vladimirovich Starovoyt ခေါင်းဆောင်သော အဖွဲ့နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံအကြားလေကြောင်းလိုင်းပြေးဆွဲနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ရထားပို့ဆောင်ရေး ကဏ္ဍတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့် အခြေအနေ များကို ဆွေးနွေး ခဲ့ကြသည်။

 

ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း ပြည်ထောင်စုဝန်ကြီးများက ဖိုရမ်၏ Panelist များ အနေဖြင့် တက်ရောက်ဆွေးနွေးကြရာ ဇွန် ၆ ရက် နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က EAEU-ASEAN Business Dialogue ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဇွန် ၇ ရက်နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က The Economic of Health: Effectively Managing Health and Improving Quality of Life ခေါင်းစဉ်ဖြင့် လည်းကောင်း တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

ထို့ပြင် သီးခြားတွေ့ဆုံမှုများအနေဖြင့် ဇွန် ၇ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ခေါင်းဆောင်သောအဖွဲ့နှင့် ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး Dr. Mikhail Murashko တွေ့ဆုံခဲ့ပြီး မြန်မာ-ရုရှား နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပိုမို မြှင့်တင်ဆောင် ရွက်နိုင်ရေးကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်မှု မူဘောင်ရေးဆွဲရေးကိစ္စရပ်များနှင့် တောင်ကြီးစပ်စံ ထွန်းဆေးရုံတွင် ကင်ဆာရောဂါ ဆေးကုသမှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ရုရှားနိုင်ငံမှ ကင်ဆာရောဂါ ကုသမှုဆေးဝါးများ တင်သွင်းဖြန့်ချိရေးနှင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

 

အလားတူ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၇ ရက် ညနေပိုင်းတွင် ၂၇ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်၏ ပင်မအခမ်းအနားဖြစ်သည့် မျက်နှာစုံညီအစည်းအဝေး (Main Forum- Plenary Session)သို့ တက်ရောက်ကြသည်။

 

အဆိုပါ အစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က မိန့်ခွန်း ပြောကြား၍ နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ပင်မဆွေးနွေးမှုများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး ဗိုလစ်ဗီး ယားနိုင်ငံ သမ္မတ Mr. Luis Arce နှင့် ဇင်ဘာဘွေနိုင်ငံ သမ္မတ Mr. Emmerson Mnangagwa တို့က ပါဝင် ဆွေးနွေးကြသည်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့သည် နည်းပညာဆိုင်ရာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် သီးခြားတွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၆ ရက် နံနက်ပိုင်းတွင် ရုရှားနိုင်ငံ၏ နိုင်ငံတကာ စွမ်းအင် ကုမ္ပဏီဖြစ်သည့် PJSC Gazprom Company မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြန်မာ နိုင်ငံတွင် စွမ်းအင်ဆိုင်ရာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် FESCO Transportation & Logistics Company မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့် ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို လည်းကောင်း၊ ဇွန် ၇ ရက် မွန်းလွဲပိုင်းတွင် Business Russia နှင့် Aquarius နည်းပညာ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒီဂျစ်တယ်စီးပွားရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်နည်း ပညာကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)