နေပြည်တော် ဇူလိုင် ၁၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် မြန်မာ့စာတိုက်လုပ်ငန်းတို့၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့၊ မြန်မာ့မီးရထားရိပ်သာ၌ ပြင်ဦးလွင် တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဇီးပင်ကြီး-ပြင်ဦးလွင်-နောင်ချို-ဂုတ်ထိပ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုဆောင်ရွက်နေသည့် လုပ်ငန်းများ ထိရောက်စွာပြီးစီးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ချက်များကို မှာကြားသည်။
ယင်းနောက် အဆိုပါလမ်းပိုင်း၌ တာဝန်ထမ်းဆောင်နေကြသည့် အင်ဂျင်နီယာဝန်ထမ်းများနှင့် တွေ့ဆုံ၍လုပ်ငန်းများ စနစ်တကျရှိရေး စံချိန်မီအရည်အသွေးကောင်းမွန်ရေး၊ ဌာနပိုင်သံလမ်း၊ ဇလီဖားတုံးနှင့် ဆက်စပ်ပစ္စည်းများစနစ်တကျ ထိန်းသိမ်းအသုံးပြုစေရေး မှာကြားသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကျောင်း၏ (၄၄)နှစ် မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားရာတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းသည်နိုင်ငံတော်၏ ပို့ဆောင်၊ ဆက်သွယ်မှု ကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေကြသည့်ဝန်ကြီးဌာနလက်အောက် အရာထမ်း၊ အမှုထမ်းများ ကို စိတ်ဓာတ်၊ စည်းကမ်း၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားသည့် အရည်အသွေးပြည့်မီသော ဝန်ထမ်း ကောင်းများဖြစ်အောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးနေသည့် သင်တန်းကျောင်းတစ်ခုဖြစ်ပါကြောင်း၊ လက်ရှိအချိန်အထိ သင်တန်းသားအရာထမ်း (၆၃၈)ဦး၊ အမှုထမ်း(၃၈၇၄၄)ဦး၊ စုစုပေါင်း (၃၉၃၈၂)ဦးကို လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ နည်းပြများအနေဖြင့် သင်တန်းသား ဝန်ထမ်းများကို အတတ်ပညာ၊ အသိပညာများ စနစ်တကျ သင်ကြားပေးရေး၊ ဝန်ထမ်းကောင်းတစ်ဦး စောင့်ထိန်း ရမည့်ကျင့်ဝတ်၊ လိုက်နာရမည့်စည်းကမ်း၊ ယုံကြည်ချက်၊ ခံယူချက် မှန်ကန်ရေးအတွက် လေ့ကျင့်ပေး ရေး၊ ပြည်သူအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရေး တို့ကို အဓိကထား၍ လေ့ကျင့်သင်ကြားပေးသွားရန် ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ပြီး သင်တန်းကျောင်း၏ တူညီဝတ်စုံများကို ထောက်ပံ့ပေးအပ်သည်။ ထို့အတူ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဌာန၏ သန့်ရှင်းရေးဆု၊ စိုက်ပျိုးရေးဆု၊ သင်တန်းထူးချွန်ဆု ရရှိသည့်ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့် မိသားစုများကို စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းအတွင်းသရုပ်ပြဆောင်များရှိ သင်ထောက်ကူ ပစ္စည်းများထားရှိအသုံးချနိုင်မှု၊ နှစ်ရှည်ပင်များနှင့် ရာသီသီးနှံစိုက်ခင်း စိုက်ပျိုးထားရှိမှု၊ မွေးမြူရေး ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့ရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ တိုင်းတာရေးစခန်း၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးဌာနခွဲတို့၏ လုပ်ငန်းဆောင်ရွက်မှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များမှာကြားပြီး ဌာနအလိုက်ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)