နေပြည်တော် ၃၀ မေ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့နံနက် (၁၁)နာရီတွင်အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေး ဝန်ဆောင်မှု ရန်ပုံငွေအဖွဲ့အစည်း(PGMF)မှ President & CEO , Mr.MarkViso နှင့်အဖွဲ့အားပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အထောက်အကူပြုနိုင်ရေးနှင့် လယ်ယာကဏ္ဍနှင့် ကျေးလက်ကဏ္ဍများတွင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးသည်။
မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သော အသေးစားငွေကြေး ဝန်ဆောင်မှုအတွေ့အကြုံများကို အခြေခံ၍ အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးဝန်ဆောင်မှု ရန်ပုံငွေအဖွဲ့အစည်း (PGMF) သည် အသေးစား စက်မှုလက်မှုလုပ်ငန် းဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်(၅၉) မြို့နယ်တွင် Microfinance Project ကို အကောင်အထည်ဖော်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ အတွင်းရှိ NGOs များက ဆောင်ရွက်လျက်ရှိသည့် အသေးစားငွေကြေးဝန်ဆောင်မှု လုပ်ငန်းပမာဏ၏ ၈၄%ကို စီမံခန့်ခွဲလျက်ရှိကြောင်း၊ ယနေ့ဆွေးနွေးရာတွင် ကျေးလက်ဒေသများ၌ အခြေခံစီးပွားရေးလုပ်ငန်းငယ်များ ပေါ်ပေါက်လာရေးနှင့် အဆိုပါလုပ်ငန်းငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)