နေပြည်တော် ၈ မေ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. John Nielsen နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tim Enderlin တို့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီတွေ့ဆုံသည်။
ဒိန်းမတ်နိုင်ငံ သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် ဒိန်းမတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ရေရှည်တည်တံ့စေသော ကမ်းရိုးတန်း ငါးလုပ်ငန်းစီမံကိန်း (၂၀၁၆-၂၀၂၀)၏ ယခုနှစ်နှစ်ခွဲကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ စီမံကိန်းကျေးရွာများတွင် စီမံကိန်း၏ မျှော်မှန်းရလဒ်နှင့် အညီကျေးရွာ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို အထောက်အပံ့ဖြစ်သော အစားအစားဘေးကင်းလုံခြုံရေးနှင့် သန့်ရှင်းမှုဆိုင်ရာ သင်တန်းများပို့ချပေးနေမှု ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်း စီစဉ်ဆောင်ရွက်ပေးမှု ကိစ္စရပ်များ ကိုရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ့လယ်ယာကဏ္ဍတွင် စက်မှုလယ်ယာအသွင်ကူးပြောင်းမှု ပိုမိုပီပြင်စေရေးပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များ၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေပြင်ဆင်ပြဋ္ဌာန်းရေးနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့အခြေစိုက်အဖွဲ့ဝင် နိုင်ငံဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ နည်းပညာဆိုင်ရာ သင်တန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)