နေပြည်တော် ၄ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ဇွန် ၂ရက် နံနက် ၉ နာရီက မြိုင်မြို့နယ် ဥယျာဉ်ကျေးရွာတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံများတွင် အစားအစာဘေးကင်းလုံခြုံရေးကို အဓိကဦးစားပေးဆောင်ရွက်နေပြီဖြစ်၍ မိမိတို့နိုင်ငံ အနေဖြင့်ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်းရှိသည့် အမယ်စုံသီးနှံများနှင့် စက်မှုကုန်ကြမ်းသီးနှံများ တိုးချဲ့စိုက်ပျိုးရေးကိုဝန်ကြီး ဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသအသီးသီးရှိ လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူအားလုံးတို့ကလည်း အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဂျီအေပီနှင့် အော်ဂဲနစ်သီးနှံများကို ဦးစားပေးလာကြသည့် ဈေးကွက်၏ တောင်းဆိုမှုအပေါ် တောင်သူများသိရှိ နားလည်လာစေရေး ပညာပေးစည်းရုံးခြင်းဖြင့် ဈေးကွက်ဝင် ထုတ်ကုန်များတိုးတက်ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
၂၀၁၈ -၂၀၁၉ ခုနှစ် အတွင်းနိုင်ငံပိုင်ခြံနှင့် ပုဂ္ဂလိက ခြံ ၈ ခုတို့ကို GAP Certificate ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဂျီအေပီနှင့် အော်ဂဲနစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန် စိတ်ပါဝင် စားလျက်ရှိနေကြသည့် တောင်သူများလုပ်ငန်းရှင်များအား နည်းပညာ အကူအညီများ ပံ့ပိုးဆောင်ရွက်ပေးကြရမည်ဖြစ်သကဲ့သို့ အခြား တောင်သူများအားလည်း အဆင့်မြင့်နည်း ပညာသုံးသီးနှံများ၏ ဈေးကွက်သေချာမှု၊ တောင်သူများအတွက်ဝင်ငွေ အကျိုးအမြတ် ပိုမိုခံစားရနိုင်မှုနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ မျှဝေစည်းရုံးပြီး နည်းပညာ ပြောင်းလဲအသုံးပြုလာစေရေးကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ဒေသတွင်းနှင့် နိုင်ငံတကာတွင် ဈေးကွက်ယှဉ် ပြိုင်နိုင်စွမ်းရှိသော စိုက်ပျိုးရေး ထွက်ကုန်များအဖြစ် မြန်မာ့လယ်ယာထွက်ကုန်များ ရေရှည်ရပ်တည်လာနိုင်မည် ဖြစ်ကြောင်း။
မိမိတို့ လယ်ယာကဏ္ဍတာဝန်ရှိသူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး သာမက သီးနှံများဈေးကွက်ဝင် ဈေးကောင်းရရှိရေးနှင့် တောင်သူ့အကျိုးစီးပွား သိသာစွာ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ တစ်ပြိုင်တည်းဆောင်ရွက်နိုင်ကြမှသာ “အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှု စနစ်ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်” ဟူသည့် မိမိတို့ဝန်ကြီးဌာန၏ မျှော်မှန်းချက် ပြည့်စုံအောင်မြင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥယျာဉ်ကျေးရွာတွင်ပြည်သူ-ကျေးလက်-UNICEF တို့ပူးပေါင်းဆောင်ရွက်သော၄လက်မစက်ရေတွင်း၊ ဆိုလာစနစ်ရေ တင်စက်နှင့်ဂါလံ ၂၄ဝဝ ဆံ့ရေစင်တည်ဆောက်မှုလုပ်ငန်းခွင်တို့အား ကြည့်ရှုစစ်ဆေးသည်။
ယခုကဲ့သို့ ကျေးလက်ပြည်သူထည့်ဝင်ငွေ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အိမ်တိုင်ရာရောက်ရေသွယ်စနစ် ဆောင်ရွက်မှုအရ ဥယျာဉ်ကျေးရွာရှိ အိမ်ခြေ ၁၀ဝ မှ ကျေးရွာနေ ပြည်သူ ၄၈၄ ဦးတို့၏ သောက်သုံးရေ ဖူလုံမှုကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)