နေပြည်တော် ၁၆ ဩဂုတ်
ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက(CERP)အရ မိုးစပါးမျိုးစေ့ ထုတ် စိုက်တောင်သူများအားထောက်ပံ့ပေးနိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူး မြို့နယ် မကျီးတန်းဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းဆောင်တွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) အရ မိုးစပါးမျိုးစေ့ထုတ်စိုက် တောင်သူများအား ထောက်ပံ့ပေးခြင်းနှင့်အတူ နည်းပညာပေးလုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်နေမှု၊ မျိုးစေ့ထုတ်စိုက်ကွင်း များ၌ စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများ တာဝန်ချထားပေးပြီး မျိုးစေ့ထုတ်တောင်သူများ အားအနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးနေမှုတို့ကိုလည်းကောင်း၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမအသင်းများ၏ ဆောင်ရွက်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကော့မှူးမြို့နယ် မိုးစပါးမျိုးစေ့ထုတ်တောင် သူ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒေသခံသမဝါယမအသင်းများက အသင်း၏ဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြပြီးလွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက် များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်ကာလတွင် သမဝါယမလုပ်ငန်း၏ စွမ်းဆောင်နိုင်မှုကို အထင်အရှားမြင်တွေ့ရပါကြောင်း၊ ကုန်သွယ်ရေးလုပ်ငန်များ ခက်ခဲနေချိန်တွင် ဒေသတစ်ခု၏ လယ်ယာထွက်ကုန်များကိုအခြားလိုအပ်သည့် ဒေသများ သို့ သမဝါယမအသင်းစုချုပ်အချင်းချင်း ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့သဖြင့် လယ်ယာထွက်ကုန်များ၏ စျေးကွက်ထိခိုက်နိုင်မှုကို ထိန်းသိမ်းပေးနိုင်လျက်ရှိကြောင်း၊ လယ်ယာကုန်ထုတ်လုပ်မှုနှင့် သမဝါယမလုပ်ငန်း ခွဲခြားမရနိုင်သည်ကို တွေ့မြင်နိုင်ပါ ကြောင်း။
တောင်သူတစ်ဦးချင်းက တန်ဖိုးကြီး လယ်ယာသုံးစက်ကိရိယာ အပိုင်ဝယ်ယူ အသုံးပြုရန် ခက်ခဲနိုင်သော်လည်း တောင်သူများစုပေါင်း ထူထောင်သည့် သမဝါယမ အသင်းအနေဖြင့် ဝယ်ယူပြီး အလှည့်ကျမျှဝေသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ အလားတူ စိုက်စရိတ်အရင်းအနှီးအတွက် သမဝါယမချေးငွေရရှိနိုင်သကဲ့သို့ စုပေါင်းရောင်းချမှု ကြောင့် ထွက်ကုန်ပမာဏအရ လက်ကားစျေးကွက်အထိ ဝင်ရောက်နိုင်မည်ဖြစ်ပြီး စျေးကွက်အကျိုးအမြတ်ရရှိနိုင်ပါကြောင်း၊ တစ်ဦးချင်း မအောင်မြင်သော်လည်း စုပေါင်း ဆောင်ရွက်ပါက အောင်မြင်မှုရနိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ တောင်သူများစုပေါင်း ဆောင်ရွက်သည့် လယ်ယာကုန်ထုတ်သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းနှင့် ဥပဒေနှင့်အညီ ထူထောင်ဆောင်ရွက်နိုင်ရေး ကူညီပေးလျက်ရှိပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် တော ကျောင်း ကျေးရွာရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများကို သွားရောက်ကြည့်ရှုအား ပေးပြီး တောင်သူ များအတွက် CERP ထောက်ပံ့ငွေများကို ပေးအပ်သည်။

ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP)အရ မိုးစပါးမျိုးစေ့ ထုတ် စိုက်ဧရိယာအဖြစ် ကော့မှူးမြို့နယ်တွင် (၃၈၃)ဧက၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၄၅၂)ဧကအပါအဝင် ရန်ကုန်တိုင်းဒေသကြီး၌ မိုးစပါးမျိုးစေ့ထုတ်(၅၉၂၉)ဧက စိုက်ပျိုး မည်ဖြစ်ပြီး မိုးစပါးစိုက်ပျိုးရန် စုစုပေါင်းဧက ၁၁၉၀၀၀၀ လျာထားကာ ယနေ့အထိ ဧကကိုးသိန်းကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကော့မှူးမြို့နယ်၊ စက်မှု လယ်ယာစခန်း၌ ကျင်းပသည့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် (CERP)အရ ငါးမွေးတောင်သူများအတွက် ငါးသားပေါက်များထောက်ပံ့ ပေးအပ်ပွဲနှင့် ကျေးရွာ မတည်ရန်ပုံငွေ(VRFP) နှင့် Cash for Work စီမံကိန်း ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ငါးမွေးတောင်သူများအတွက် ငါးသားပေါက် များထောက်ပံ့ပေးအပ်သည်။
ထို့နောက် (VRFP) စီမံကိန်းကျေးရွာ(၈)ရွာ နှင့် Cash for Work စီမံကိန်း ကျေးရွာ(၁၀)ရွာအတွက် ရန်ပုံငွေများကို တာဝန်ရှိသူများထံ လွှဲပြောင်း ပေးအပ်သည်။
ကော့မှူးမြို့နယ်ရှိ ငါးမွေးကန် (၃၅၆၂ ဒသမ ၁၇) ဧက အပါအဝင် ရန်ကုန်တိုင်း ဒေသကြီး၌ ငါးမွေးကန်(၆၇၃၂၈ ဒသမ ၁၉)ဧကအတွက် ငါးသားပေါက်များ ထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး ငါးမွေးကန် တစ်ဧကလျှင် ငွေကျပ်လေးသောင်းဖိုးရှိ ငါးသား ပေါက်များ ထောက်ပံ့သွားမည်ဖြစ်၍ တစ်နိုင်ငံလုံးရှိ ငါးမွေးမြူရေးကန် ဧက(၁၅၀၀၀၀) အတွက် ငွေကျပ်သန်း ၆၀၀၀ အကုန်အကျခံ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စပါးခွံလောင်စာသုံး အခြောက်ခံ စက်ကို သွားရောက်ကြည့်ရှုပြီး ကော့မှူးမြို့နယ် အမှတ်(၂)မြောင်းကို ဆက်လက်ကြည့်ရှု စစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေလှောင်တမံ(၉)ခုမှ အကျိုးပြု(၇၉၀၂၂)ဧက၊ ရေဘေးကာကွယ်ရေးတမံ(၂၂)ခုမှအကျိုးပြု (၁၀၂၁၄၉)ဧက၊ ရေငန်တားတမံ(၂၇)ခုမှ အကျိုးပြု(၂၁၉၀၉၂)ဧက၊ ရေကြီးနစ်မြုပ်ကာကွယ်ရေး ရေနုတ်မြောင်း(၈၅)ခုမှ အကျိုးပြု (၃၅၇၅၅၀)ဧက၊ ရေတံခါး (၁၅၄)ခုမှ အကျိုးပြု(၁၈၈၇၀၂)ဧက၊ လျှပ်စစ်ရေတင်ဖြင့် အကျိုးပြု(၂၄၅၁၈)ဧက ရှိကြောင်း သိရသည်။
(သတင်းစဉ်)