နေပြည်တော် ၂၈ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယမန်နေ့ မွန်းလွဲပိုင်းက ဦးစောဌေးမြင့်အောင် ဦးဆောင်သည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်နေရပ်ပြန်များ ပြန်လည်ထူထောင်ရေးအဖွဲ့အား ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအတွက် ကူညီဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာကိစ္စနှင့် ကရင်ပြည်နယ်အား agro tourism ဒေသတစ်ခုအဖြစ် ဖော်ဆောင်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
လေးကေ့ကော်နေရပ်ပြန်များ ပြန်လည်ထူထောင်ရေးဒေသအဖွဲ့က ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ပြန်လည်နေရာချထားရေးကို ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသနေပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နေရပ်ပြန်ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကရင်ပြည်နယ် မြဝတီခရိုင် မြို့နယ်ရုံးနှင့် Greater Mekong Subregion Agriculture and Education Development Center (GMSAEDC) အဖွဲ့တို့ပူးပေါင်းပြီး KNU/KNLA (PC) အမှတ်(၇၇၅) အထူးတပ်ရင်း၊ ထီးဝါပလောမွေးမြူရေးစခန်းတွင် ‘ပေါင်းစည်းလယ်ယာမြေစိုက်ပျိုး မွေးမြူရေးသင်တန်း’ ဖွင့်လှစ်သင်တန်းပေးခြင်း၊ ထီးဝါပလောကျေးရွာရှိ လူငယ်များ၊ အမှတ် (၇၇၅) အထူးတပ်ရင်းမှ တပ်မိသားစုဝင်များ၊ စောနေစိုးမြမွေးမြူရေးခြံမှ တပ်မိသားစုဝင်များ၊ မွေးမြူရေးတောင်သူများ အပါအဝင် သင်တန်းသားများအား သင်တန်းပို့ချပေးခြင်း၊ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်းရှိ သက်ဆိုင်ရာ အစိုးရဌာနများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နေရပ်ပြန်တိုင်းရင်းသားများ ပြန်လည်ထူထောင်ရေးနှင့် ကရင်ပြည်နယ် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စံပြခြံနှင့် စိုက်ခင်းများထူထောင်ခြင်း၊ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ၊ အော်ဂဲနစ် စိုက်ပျိုးနည်းစနစ်များ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းစနစ်၊ မြေအရည်အသွေး စစ်ဆေးခြင်းနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ သင်တန်းများ ပို့ချခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


